Pages

Subscribe:

Thursday, March 29, 2012

နံနက်ခင်း FM

သူ သတင်းစာ ဖတ်နေသည် ။ သူ သတင်းစာတစ်စောင်

ဖတ်နေသည်ဟု ပြောရင်လည်း ရ၏ ။ သို့သော်

တပြိုင်နက်တည်း သတင်းစာ နှစ်စောင် (နှင့်အထက်)

ဖတ်ရန်အကြောင်းမရှိသဖြင့် ၊ သူ သတင်းစာ ဖတ်နေသည် ဟု

ပြောခဲ့ခြင်းဖြစ်သည် ။ သူ သတင်းစာဖတ်ရတာ သဘောကျသည် ။

သုံးယောက်တည်းနှင့် တစ်စောင်လုံးစာ ရေးသားထားသော

အချို့ (အပေါစား) ဂျာနယ်များ ဖတ်ရှုရသည်ထက်စာရင်

သတင်းစာဖတ်ရတာက သူ့အတွက် ပိုအဆင်ပြေသည် ။

ဘာအထွေအထူးသတင်းမှ မရှိရင် သူ ပိုသဘောကျ၏ ။

သူက ဘာသတင်းများ ထူးမလဲဟူသော စိတ်ဖြင့် ဖတ်ခြင်းမဟုတ် ။

နံနက်ခင်းစာ လက်ဖက်ရည်နှင့် ဆေးပေါ့လိပ်နှင့် မြည်းရန်သာ

သတင်းစာဖတ်ခြင်းဖြစ်၏ ။ ယခုလည်း ဘာသတင်းထူးမှ မပါသော

သတင်းစာကို သူ ဖတ်နေသည် ။



သူသောက်နေသော လက်ဖက်ရည်သည် သူ့မိန်းမ ဖျော်ပေးထားခြင်း

ဖြစ်၏ ။ ဇနီး ၊ မယား ၊ အမျိုးသမီး စသည်ဖြင့်လည်း ခေါ်တွင်နိုင်ပေသည် ။

သို့သော် သူက မိန်းမဟူသည့် အခေါ်အဝေါ်ကို ပိုမိုနှစ်ခြိုက်၏ ။

သူကိုယ်တိုင်လည်း သူ့မိန်းမအား မိန်းမဟုပင် (ချစ်စနိုးမဟုတ်သော်လည်း)

ခေါ်သည် ။ ကွယ်လွန်သွားပြီးဖြစ်သော ဗေဒင်ဆရာကြီးတစ်ဦးက

စာထဲ ထည့်ရေးဖူးသည် ။ ၄င်းက ဂမ္ဘီရ၀တ္ထုများလည်း ရေးသည်ကိုး ။

လင်မယားချင်း ယောင်္ကျား ၊ မိန်းမ ဟု မခေါ်အပ် ။ ဘာလို့ဆို

အများဆိုင်နာမ် ဖြစ်သောကြောင့် .. တဲ့ ။ သူကတော့ သူ့မိန်းမသာ

ပြည်သူပိုင်ပစ္စည်းဖြစ်သွားရင်လည်း ကောင်းသား ဟု တွေးမိ၏ ။

ယခု သူသောက်နေသော လက်ဖက်ရည်သည် ပြည်သူပိုင်ပစ္စည်း

မဖြစ်သေးသော သူ့မိန်းမ ဖျော်ပေးထားခြင်း ဖြစ်သည် ။



သူ ဘာအထွေအထူးသတင်းမှ မပါသော သတင်းစာကို ပိတ်လိုက်သည် ။

သူ့မိန်းမက နားနှစ်ဖက်ကို ပိတ်လိုက်သည် ။ အောင်စည်သူကြောင့်

ပိတ်လိုက်ရခြင်းဖြစ်၏ ။ အောင်စည်သူက Linkin Park သီချင်းကို

အကျယ်ကြီးဖွင့်နေသောကြောင့် မဟုတ် ။ အောင်စည်သူ ဆိုတာ

သူတို့အိမ်ရှိ ကြောင်တစ်ကောင်ဖြစ်သည် ။ သူက ကြောင် ဆိုတိုင်း

ရွှေဝါဟု အမည်မပေးချင် ၊ အောင်စည်သူ ဆိုတာ သူ့မိတ်ဆွေရဲ့

နာမည်ဖြစ်၏ ။ အောင်စည်သူက နွားနို့အရမ်းကြိုက်သည် ။

ငါးကြော်လည်း အရမ်းကြိုက်သည် ။ ငါးကြော် မကြိုက်ရင်

ကြောင်မိုက် ဖြစ်မှာစိုးလို့ ထင်သည် ။ သူ့မိတ်ဆွေ အောင်စည်သူက

နွားနို့ နှင့် ငါးကြော် ကြိုက်မကြိုက် မသိ ။ တွေ့မှ မေးကြည့်ဦးမည် ။



သူ့မိန်းမ နားနှစ်ဖက် ပြန်ဖွင့်လိုက်သည် ။ အောင်စည်သူ နို့ဆာ၍

အော်နေ၏ ။ အောင်စည်သူ ဟာ နို့စို့ကလေးငယ် မဟုတ်ကြောင်း ၊

ကြောင်တစ်ကောင်ဖြစ်ကြောင်း ထပ်ပြောရန်မလို ဟု ထင်သည် ။

သူ့မိန်းမက အောင်စည်သူအတွက် နွားနို့တစ်ပန်းကန်

ချပေးလိုက်၏ ။ သူ လက်ဖက်ရည်ကို တစ်ငုံ ငုံလိုက်သည် ။

အောင်စည်သူက နွားနို့ကို တပြတ်ပြတ် လျက်သည် ။

သူက လက်ဖက်ရည်ထဲ နို့စိမ်း ထည့်ဖျော်တာကို ကြိုက်၏ ။

အောင်စည်သူ လျက်နေသော နွားနို့ နှင့် သူသောက်နေသော

လက်ဖက်ရည်ထဲရှိ နွားနို့ ၊ အတူတူပဲဖြစ်သည် ။ နို့ပို့ကုလား က

အိမ်သို့ မနက်တိုင်း နွားနို့တစ်ပုလင်း လာပို့၏ ။ ထိုကုလားရဲ့

နာမည်မှာ ရှရွတ်ခန်း မဟုတ် ၊ အာမက် ဖြစ်သည် ။

အာမက်သည် နွားနို့ မကြိုက် ၊ အာမက်ကြိုက်သည်က

အဆိုတော် လေဒီဂါးဂါး ဖြစ်၏ ။



သူ ဘာသတင်းထူးမှ မပါသော သတင်းစာကို ပြန်ကိုင်လိုက်သည် ။

သူ့မိန်းမက နေ့လည်စာအတွက် ဈေးမှဝယ်လာသော

ကြက်တစ်ကောင်ကို ကိုင်နေ၏ ။ ထိုကြက်အား အာမက်၏ အဖေ

ဆာမိထံမှ ၀ယ်လာခြင်းဖြစ်သည် ။ ဘာသတင်းထူးမှ မပါသော

သတင်းစာတွင် သူ့မိတ်ဆွေ အောင်စည်သူရဲ့ နာရေးသတင်းကို

တွေ့ရ၏ ။ အောင်စည်သူက နွားနို့တစ်ပန်းကန်အား ပြောင်စင်အောင်

လျက်ပစ်လိုက်သည် ။ သူ သတင်းစာကို ပြန်ပိတ်လိုက်ချိန်တွင် ၊

ဗိုက်တင်းသွားသော အောင်စည်သူက ပြန်အိပ်ရန် မျက်လုံးပိတ်လိုက်၏။

သူ့မိန်းမ ဖွင့်လိုက်သော ရေဒီယိုမှ လေဒီဂါးဂါးရဲ့ သီချင်းတစ်ပုဒ်

ထုတ်လွှင့်နေလေသည် ။





- ဆူး ခ က် မ င်း -

0 မှတ်ချက်များ:

Post a Comment