ဝေးကွာခြင်းလမ်းမတွေကို အနီးကပ်ဆုံးဖြစ်အောင် ချုံ့လိုက်ကြမယ် ။
မိတ္တူစက်တစ်လုံး လိုကောင်းလိုလိမ့်မယ် ။ နေ့တစ်နေ့အတွက်
နားခိုရာ ၊ အိပ်စက်ရာ ၊ ကုတင်ခြေရင်းဆီရောက်တဲ့အထိ ၊
ကျွန်တော်တို့ရဲ့ စိတ်တွေကို ချုံ့ထားလိုက်ကြမယ် ။
ဟင့်အင်း ၊ ကျွန်တော် အိမ်မပြန်ချင်သေးဘူး ။ သူငယ်ချင်းတွေနဲ့ ၊
ကဗျာဆရာတွေနဲ့ ၊ သူငယ်ချင်းကဗျာဆရာတွေနဲ့ ၊ ကဗျာဆရာ
သူငယ်ချင်းတွေနဲ့ ၊ လမ်းလေးဆယ်ထိပ်မှာ ၊ ပိတောက်ရိပ်မှာ ၊
ဟန်နီမှာ ၊ မက္ကဆီကန် ညနေခင်းမှာ ၊ ထိုင်ချင်သေးတယ် ။
ကဗျာတွေ ရွတ်နေချင်သေးတယ် ။ ကဗျာရေးရာ ၊ ကမ္ဘာရေးရာ
စသည်ဖြင့် ကြီးကြီးကျယ်ကျယ် အော်ဟစ်နေချင်သေးတယ် ။
ဒီည ဒီခန္ဓာကိုယ်ကို ဒီမှာပဲ အသေကောင်တစ်ကောင်လို
မြှုပ်နှံပစ်လိုက်ချင်တယ် ။ ဒါမှမဟုတ် ဆက်လက်ရှင်သန်အောင် ၊
စိုက်ပျိုးထားလိုက်ချင်တယ် ။
စဉ်းစားကြည့်ကြပါစို့ ။ ကျွန်တော်တို့ရဲ့ ရင်ဘတ်ထဲက နှလုံးသားကို
ထုတ်ပစ်လိုက်ကြပါစို့ ။ ညဘက်အလုပ်ဆင်းလာမယ့် အိမ်ဖော်
မိန်းမငယ်တစ်ယောက် ၊ ခိုးသားဓားပြတစ်ယောက် ၊ လူလေလူလွင့်
တစ်ယောက် ၊ ရဲအရာရှိတစ်ယောက် ။ သူတို့ရဲ့ လုပ်ငန်းဆောင်တာတွေကို
နှလုံးသားနဲ့ လုပ်ဆောင်ခဲ့ကြတာလား ၊ ၀တ္တရားအတွက် လုပ်ဆောင်ခဲ့ကြတာလား ။
ကျွန်တော်တို့ရဲ့ ရင်ဘတ်ထဲမှာ နှလုံးသားတွေ မရှိတော့ဘူး ။ ကျွန်တော်တို့ဟာ
ထိန်းချုပ်ခံယန္တရားစနစ်ထဲမှာ ၊ စနစ်တကျလည်ပတ်နေတဲ့ စက်ရုပ်တွေ ။
အမေ .. ကျွန်တော့်အိမ်ပြန်ချိန်ကို စောင့်မနေနဲ့တော့ ။ အယ်လ်ကိုဟောနံ့
သင်းပျံ့နေတဲ့ ကျွန်တော့်ပါးစပ်က ၊ အမေ့အတွက် ချွေးသိပ်စရာ
တစ်လုံးတစ်ပါဒမျှ ထွက်ကျလာဖို့မရှိဘူး ။ သားဆိုးတစ်ယောက်အတွက်
အမေ့ဂုဏ်သရေတွေ ညှိုးနွမ်းခဲ့ရပြီ ။ စိတ်မချလက်မချပဲ အိပ်ပါတော့ မေမေ ။
ညဟာ ပုံမှန်ထက်ပိုတဲ့ မှောင်မိုက်ခြင်းမျိုးနဲ့ ၊ တိတ်ဆိတ်မှုဟာ ပိုမို
ကြီးထွားလာတယ် ။ မကောင်းမှုဒုစရိုက်တွေ ထင်ရှားရာအဖြစ် ပိုမို
ကြီးထွားလာတယ် ။ အကြောက်တရားတွေကို စပေ့စ်တစ်ခုနဲ့
ဖုံးအုပ်ထားလိုက်ကြမယ် ။ ပြဿနာဆိုတာတွေကို ခေါင်းချင်းဆိုင်ပြီး
တေ့ပေးလိုက်ကြမယ် ။ ကျွန်တော်တို့ရဲ့ ခုတင်နံဘေးက စားပွဲမှာ ၊
ဖုန်တက်နေတဲ့ အံဆွဲတချို့ ရှိကောင်းရှိလိမ့်မယ် ။ ဒါမှမဟုတ်
ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပါသည်
စာသား ၊ ဆိုးရွားစွာ ပျက်ယွင်းနေတဲ့ အဆုတ်ပုံ ကပ်ထားတဲ့
ငါးသုံးလုံး စီးကရက်ဘူး ရှိကောင်း ရှိလိမ့်မယ် ။ ကဲ .. ကျွန်တော်တို့ရဲ့
အဆုတ်တွေကို မီးခိုးငွေ့တွေနဲ့ ယဉ်ယဉ်ကျေးကျေး ဖုံးအုပ်လိုက်ကြစို့ ။
ခင်ဗျားသွားနေတဲ့ ဘ၀ခရီးမှာ လေယာဉ်ပျက်ကျသွားမယ် ၊ ဆိုပါစို့ ။
ခင်ဗျားရင်ဘတ်ထဲက အသက်ထက်ဆုံးစာချုပ်ကို မီးရှို့ဖျက်ဆီးပစ်လိုက်မယ် ၊
ဆိုပါစို့ ။ သဘောထားမတိုက်ဆိုင်ခြင်းတွေ ၊ အိမ်ထောင်ပြိုကွဲမှုတွေဟာ
လူမှုရေးနယ်ပယ်ရဲ့ ကန့်လန့်ကာနောက်ကွယ်မှာ ဒုနဲ့ဒေး ။ ချစ်ခြင်းမေတ္တာပြီးရင်
ဘာကို တန်ဖိုးအထားဆုံးလဲ ။ လူမှုဆက်ဆံရေးဟာ ဆစ်ဖလစ်ရောဂါ ဖြစ်နေတယ် ။
တဆစ်ဆစ်နဲ့ နာကျင်ကိုက်ခဲနေတယ် ။ တချို့က ဒိုင်ကြောင်တွေ ၊ ဒိုင်စားဂဏန်းတွေ
ရွတ်ကြတယ် ။ တချို့က အမေ့မျက်ရည်တွေ ခိုးထုတ်ကြတယ် ။ တချို့က
ပူလောင်မှုတွေကို ဖုံးအုပ်ထားကြတယ် ။ တချို့က ကျော်ကြားမှုတွေနဲ့ ကိုယ့်ကိုယ်ကို
ပိတ်လှောင်ပစ်လိုက်ကြတယ် ။ ကျေးဇူးတရားဟာ အချိန်ကြာလာတာနဲ့အမျှ
အေးခဲသွားတယ် ။ မာကြောချင်ယောင်ဆောင်ခြင်းက ပျော့ညံ့ခြင်းတစ်မျိုးပဲ ။
“တစ်”ကြိုး တစ်ချောင်း ပြတ်ရုံနဲ့ ဂီတက သေပြီတဲ့လား ။ လရောင်ရဲ့ဂီတဟာ
ခင်ဗျားတို့အတွက် သာယာနာပျော်ဖွယ်ဖြစ်ပါစေ ။
စာအုပ် လေးငါးအုပ် ဖတ်မယ် ။ ကြယ်တွေကို ငေးမယ် ။ သူရောက်လာမယ် ။
စက္ကန့်ပိုင်းအတွင်း လွန်လေပြီးသော နှစ်ကာလများဆီ ပြန်ရောက်သွားမယ် ။
သက်တန့်တံတားပေါ်မှာ ၊ ဧရာဝတီကို ဘယ်သူ နှုတ်ဆက်လိုက်သလဲ ။
မုန်တိုင်းခတ်သံတွေကြားတယ် ။ ကောင်းကင်တံခါးကို ဆွဲဖွင့်လိုက်တာနဲ့
ဖြူစင်နူးညံ့ခြင်းတွေ ပြိုကျလာတယ် ။ ကိုခင်ဝမ်းရော ဘယ်လိုလဲ ။
တောင်ကုန်းလေးတစ်ခုပေါ်မှာ နှင်းဝေ ဝေနေတုန်းပဲလား ။
ဆယ်လမွန်ငါးတို့ ပြန်ချိန်ရောက်ပြီလား ။ တောင်ပေါ်မှာ အ၀ါရောင်ပန်းတို့
ပွင့်နေပြီလား ။ နှင်းဆီဖြူရဲ့ အဝေးမှာပဲလား ။ လပေါ် လမ်းလျှောက်နေဆဲပဲလား ။
ဒီလိုပဲ တိတ်တိတ်ဆိတ်ဆိတ် လွမ်းရပါတယ် ။ အို .. မောင်ဒီ ၊ သဘောတူရင်
ဝီစကီတစ်ပြားနဲ့ ၊ ခင်ဗျားနဲ့ကျွန်တော် ၊ ခင်ဝမ်းနဲ့ ဗန်ဂိုးအကြောင်း ဆက်ပြောမယ် ။
ကြယ်တွေစုံပြီလား ။ ဗင်းဆင့်သီချင်းကို ဆိုကြမယ် ။ ဆိုက်ပရက်စ်လမ်းကို
လျှောက်ကြမယ် ။ နားရွက်သုပ်တစ်ပွဲနဲ့ ၊ မိန်းမပျက်တစ်ယောက်နဲ့ ။
ဆူး ခ က် မ င်း
Thursday, March 29, 2012
Subscribe to:
Post Comments (Atom)
0 မှတ်ချက်များ:
Post a Comment