Pages

Subscribe:

Sunday, February 7, 2010

မိချမ်းမွန် ဖတ်ဖို့ (၂) ( သို့ ) သေတမ်းစာ အမှတ် ( ၂၀၁၀ )



မျက်ရည်တွေလည်း မခြောက်သေးဘူး ။

မျက်နှာထက်တွင် စီးဆင်းသွားသော မြစ်တစ်စင်း ။


မြတ်မြတ်နိုးနိုးနဲ့ ၊ မသုတ်ပဲ ထားလိုက်တယ် မိချမ်းမွန် ။


ရာသီဥတုက တစ်လှည့်စီ ။


နွေရယ် ၊ ဆောင်းရယ် ။


ပြီးတော့ ၊ ဆောင်းရယ် ၊ နွေရယ် ။


မိုးဆိုတဲ့ ရာသီ ၊ ခရီးသွားဟန်လွှဲတောင် မပါစေနဲ့ ။


မိုးတွေ ရွာတိုင်း ၊ မျက်ဝန်း "စို" တယ် ။





မငိုပါနဲ့လား .... တဲ့ ။


မငိုချင်ပါဘူး မိချမ်းမွန်ရယ် ။


ငါ မငိုချင်ပါဘူးကွယ် ။


ဟော ... ။


မငိုဘူး ပြောနေရင်း ၊ စို့တက်လာတဲ့


မျက်ရည်စတွေ ။


ငါ့ကိုယ်ငါ မုန်းတယ် ။


ငါ့ မျက်ရည်တွေကိုလည်း ငါ မုန်းတယ် ။


ကျေးဇူးပြုပြီး ၊ ငါ့ကို သေမိန့်ချပါ ။


ကျေးဇူးပြုပြီး ၊ ငါ့ လည်ပင်းကို ကြိုးကွင်းစွပ်ပါ ။


နင့်လက်ကလေး တစ်ချက် အ၀င့်မှာပဲ ။


မောင်းခလုတ်တံကို သွေးအေးအေး နဲ့ ဖြုတ်ချလိုက်ပါ မိချမ်းမွန် ။





ငါ့ ဈာပနမှာ


stitch အရုပ်နဲ့အတူ မြေချပါ ။


baby pooh လေး ငိုကြွေးနေပါစေ မိချမ်းမွန် ။


တစ်ဖက်ကမ်းကို နင်ကိုယ်တိုင် ခေါက်ပေးခဲ့တဲ့


စက္ကူလှေနဲ့ ငါကူးပါရစေ ။


ငါ့ပါးစပ်ထဲ တစ်မတ်စေ့ မထည့်ပါနဲ့ ။


ကူးတို့ခ အဖြစ် ၊ ဂျယ်လီလေး ယူသွားမယ် မိချမ်းမွန် ။


ကြေးစည်သံ / ရေအိုး ၊ ကြား / ကွဲ ... အပြီး ။




အ .... ရာ ... အား .. လုံး ....


ချု ပ် ....ြ ငိ မ်း ... ... ... သွား .... ... ..


........................................................................................ ။ ။

Thursday, February 4, 2010

မိချမ်းမွန် ဖတ်ဖို့

မိချမ်းမွန် ဖတ်ဖို့



ငါတို့ အိမ်လေးမှာ ၊ ကာလံဒေသံ
မကွဲပါဘူး ၊ မိချမ်းမွန် ။
၁၂ ရာသီပတ်လုံး ၊ တလုံးလုံး ထနေတဲ့
ဖုန်မှုန့်တွေရယ် ။
နွေရာသီ ရောက်တိုင်း ကျနေကျ ချွေးစက်တွေရယ် ။
ကိုယ့်ခြေမကိုယ် ပြန်ပြန် ငုံ့ကြည့်နေရတာကလွဲလို့
ငါတို့ အိမ်လေး ၊ ပျော်နေပါတယ် မိချမ်းမွန် ။

မနေ့က ၊ မိုးတွေ ရွာတယ် မိချမ်းမွန် ။
တိတိပပ ပြောရမယ် ဆိုရင် ။
လေးနာရီကြာ ရွာတဲ့မိုး ။
လွမ်းလိုက်တာကွယ် ။
စီးကရက်တိုတွေရယ် ၊ စက်မှု (၁) ကားမှတ်တိုင်ရယ် ။
လက်ထဲက ( ............ ) ရယ် ။
မလွမ်းကောင်း လွမ်းကောင်း ၊ လွမ်းလိုက်တာကွယ် ။

ငါတို့ အိမ်လေး ၊ မိုးမိသွားသလား ။
မသေချာဘူး ၊ မိချမ်းမွန် ။
သေချာတာတော့ ၊ ငါ့ အခန်းစုတ်လေးထဲမှာ
နင် ခြွေချလိုက်တဲ့ ၊ ကြယ်အပဲ့တွေ
ဟို တစ်စ ၊ သည် တစ်စ နဲ့
ငါတို့ အိမ်လေး ၊ မီးမထွန်းပဲ လင်းတယ် မိချမ်းမွန် ။

မနေ့နဲ့ ဒီနေ့မှာ ၊ မနက်ဖြန်အတွက်
လည်ပတ်ရင်း ၊ မဆီမဆိုင်
နင့် သွားတက်လေးကို ၊ သတိရတယ် မိချမ်းမွန် ။
ဟုတ်ပါတယ် ။ ငါက လည်လွန်းလို့ ရပ်သွားတဲ့ ဘီး ။
နင့် ရှေ့ မှာ ၊ ဒူးအစုံ ထောက် ။
လည်စင်းပေးခဲ့ပေမယ့် ၊ နင်က ငါ့ ဂုတ်ပိုးကို
ဖြည်းဖြည်းချင်း သပ် ၊ မခိုးမခန့် ရယ်နေခဲ့သေးတာလေ ။
အဲ့လိုကြီးတော့ ၊ ငါ့ကို မသနားပါနဲ့ မိချမ်းမွန် ရယ် ။
ငါက ခွေးတစ်ကောင်နဲ့ သိပ်မထူးတော့သလို ။
နင့် လက်နဲ့ သပ်ချလိုက်တိုင်း
အကြောတွေဆိုင်း ၊ အသာလေး ၀ပ်ချလိုက်ရလောက်အောင်
ငါ အဆုံးစွန်ဆုံး နူးညံ့သွားတယ် မိချမ်းမွန် ။

ဒီလိုပါပဲကွယ် ။
တစ်သက်နဲ့တစ်ကိုယ်တော့
ဝဋ်အကြီးကြီး လည်တယ် ။