Pages

Subscribe:

Thursday, March 29, 2012

အနာဂတ်က ကျွန်တော့် သူငယ်ချင်း

ကျွန်တော် သူ့ကို အနာဂတ်မှာ သိခဲ့တယ် ။ ခင်ဗျား ဘာတွေးနေမလဲဆိုတာ

ကျွန်တော်သိတယ် ။ ကျွန်တော် သူ့ကိုလည်း အဲ့ဒီလိုပဲ ပြောခဲ့တယ် ။

မင်း ဘယ်ကလာတာလဲ လို့ ကျွန်တော် သူ့ကို မေးခဲ့တယ် ။

အနာဂတ်ကလာတာပါ လို့ သူပြန်ပြောခဲ့တယ် ။ သူ့ရဲ့ မူလဇစ်မြစ်ဟာ သူနဲ့

အလွန်ဝေးကွာပြီး ၊ အခုလက်ရှိ ပစ္စုပ္ပန်နဲ့ အဆက်အစပ် သိပ်မရှိလှဘူး ။





သူက ကျွန်တော်တို့အကြောင်း ဘာမှ သိပ်မသိဘူး ။ ကျွန်တော်တို့ရဲ့ လူနေမှုစနစ်နဲ့

သိပ်မရင်းနှီးဘူး ။ သူပြောပြသလောက်တော့ အနာဂတ်ကာလမှာ ဘာကိုမှ

တရားသေ ဆုပ်ကိုင်ထားလို့ မရဘူး ။ အလုပ်နဲ့ လက် မပြတ်ဘဲ လုပ်နေရမယ် ။

ငြင်းခုံရန်ဖြစ်ရမှုတွေ ပိုများလာမယ် ။ သူ အနာဂတ်ကနေ ပစ္စုပ္ပန်ကို လာခဲ့ရတဲ့

အကြောင်းရင်းက သူ အရမ်းချမ်းသာချင်တယ် ။ ဘယ်လောက်အထိလဲဆိုရင်

ဘာအလုပ်မှမလုပ်ဘဲ အမြန်ဆုံး ချမ်းသာချင်တာမျိုး ။ အခုဆိုရင်

သူဖြစ်ချင်တဲ့ဆန္ဒတွေ ဖြစ်လာခဲ့ပြီ ။ သူဟာ ကျွန်တော်တို့ရဲ့ အချိန်တွေကို

ငွေပုံပေးပြီး ၀ယ်ခဲ့တယ် ။ ကျွန်တော်သူ့ကိုပြောခဲ့ပါတယ် ။

အဲ့ဒါဟာ အရမ်းကို ခေတ်နောက်ပြန်ဆွဲလွန်းနေရာမကျဘူးလား သူငယ်ချင်း လို့ ။

ဒါတွေအားလုံးက သူရခဲ့တဲ့ အကြံအတိုင်းပဲ လို့ သူပြန်ဖြေတယ် ။ သူ ရခဲ့တဲ့

အကြံတွေအားလုံးနီးပါးက မိုက်ကယ် ဂျေ ဖောက်စ် ဆီက လာတယ် လို့

သူ့အပြောအရ သိခဲ့ရတယ် ။ မိုက်ကယ် ဂျေ ဖောက်စ် ဆိုတာ ဘယ်သူလဲလို့

ကျွန်တော် မသိသလို သူလည်း သိလိမ့်မယ် မထင်ဘူး ။





အချိန်ရဲ့ ဆက်လက်စီးဆင်းမှုသဘောတရားကို ပြောပြဖို့ သူ့ကို ကျွန်တော်

တောင်းဆိုခဲ့တယ် ။ သူ ဘာမှမသိဘူး ၊ သူ့မှာ ဖြေစရာ အဖြေမရှိဘူး ဆိုတာနဲ့တင်

ကျွန်တော် ကျေနပ်ပစ်လိုက်ရတယ် ။ သူက အရမ်းဥာဏ်ကောင်းတာတော့လည်း

မဟုတ်ဘူး ။ ပြောရရင် သူ့မှာ အရမ်းရိုးရှင်းတဲ့ အတွေးပဲ ရှိတယ် ။ တစ်နေ့တစ်နေ့

ဘာအလုပ်မှ မလုပ်ဘဲ နေချင်တာရယ် ၊ ပိုက်ဆံတွေ များသထက်များအောင်

လိုချင်တာရယ် ။ ရိုးရိုးရှင်းရှင်းလေးပါပဲ သူ့အတွေးက ။ အဲ့ဒီအချက်ကတော့

သူနဲ့ ကျွန်တော် တိုက်ဆိုင်မှုတစ်ရပ်အနေနဲ့ ကျွန်တော်တို့ကြားမှာ ဖြစ်ခဲ့တယ် ။

အချိန်ယန္တရားဟာ ဘယ်လိုအလုပ်လုပ်တယ် ဆိုတဲ့အကြောင်း ၊

အချိန်ရဲ့ ဆက်လက်စီးဆင်းမှု သဘောတရားအကြောင်း စတာတွေကို

ဆွေးနွေးဖို့တော့ ကျွန်တော်တို့ကြားမှာ မဖြစ်နိုင်ခဲ့ဘူး ။

သူကိုယ်တိုင် လုံးဝ မသိသလို ၊ ကျွန်တော်ကိုယ်တိုင် ခြေခြေမြစ်မြစ် မသိတဲ့

အကြောင်းအရာတွေ ဖြစ်နေလို့ပဲ ။ ကျွန်တော်တို့ထက် ပိုပြီး ဥာဏ်ကောင်းတဲ့သူတွေ

အနာဂတ်ကာလမှာ ရှိကောင်း ရှိနိုင်ပါလိမ့်မယ် ။ ဒါပေမယ့် အဲ့ဒီလူတွေဟာ

ကျွန်တော်တို့ရဲ့ ပစ္စုပ္ပန်ကို ပြန်မလာတော့တာ တော်တော်ကို စိတ်ပျက်စရာကောင်းတဲ့

ကံဆိုးမှုတစ်ရပ်ပဲ ။





သူပိုင်ဆိုင်တဲ့ ငွေကြေးတွေဟာ သူနဲ့ အတူတကွ ရှိမနေဘူး ။ အကယ်၍ ကျွန်တော်သာ

သူ့ဆီက ပမာဏတော်တော်များများရှိတဲ့ ငွေကြေးတစ်ရပ် ချေးခဲ့မယ်ဆိုရင်

သူပိုင်ဆိုင်တဲ့ လောင်းကစားရုံတစ်ခုကို လက်ညှိုးထိုးပြီး ကျွန်တော့်ကို

ပေးပစ်လိုက်မယ် ဆိုတာ ကျွန်တော် သိနေတယ် ။ ဒါပေမယ့် ကျွန်တော့်အတွက်ကလည်း

လောင်းကစားထက် ပိုပြီး အရေးပါတဲ့ အရာတွေကို လက်ခံရရှိပြီးသားဆိုတော့

ကျွန်တော် ငြင်းဆိုပစ်လိုက်မှာ သေချာနေတယ် ။ သူကလည်း ကျွန်တော် ငြင်းမယ်ဆိုတာ

သိပြီးသား ဖြစ်နေမယ့်အတွက် ရရှိလာမယ့် အကျိုးအမြတ်တွေကို တွက်ချက်ပြထားတဲ့

ဘဏ္ဍာရှင်းတမ်းတစ်စောင် ကျွန်တော့် စာတိုက်ပုံးထဲ လာထည့်ထားမယ် ဆိုတာ သေချာနေတာပါပဲ ။

ဒါပေမယ့် ကျွန်တော် ထပ်မံငြင်းဆိုဦးမယ်ဆိုတာလည်း သူက သိနေဦးမှာပါပဲ ။ ရလာမယ့်

အကျိုးအမြတ်တွေဟာ ကျွန်တော့် ဘ၀တစ်ခုလုံး ပြောင်းလဲသွားလောက်အောင် စွမ်းဆောင်နိုင်လိမ့်မယ်လို့

သူ ထပ်ပြီး တိုက်တွန်းလိမ့်ဦးမယ် ။ သူလိုချင်တာ ဘာလဲ ဆိုတာ ကျွန်တော် သိနေတယ် ။

သူလိုချင်တာ ကျွန်တော်ပိုင်ဆိုင်တဲ့ ကျွန်တော့်ရဲ့ အချိန်တွေကိုပဲ ။ ကျွန်တော်ပိုင်ဆိုင်သမျှ

အချိန်တွေအားလုံးကို သူ့အတွက် ပေးလိုက်ခြင်းအားဖြင့် ကျွန်တော်ရော သူပါ

လက်ရှိထက်ပိုပြီး အများကြီး ချမ်းသာသွားနိုင်မယ်လို့ သူ သေချာနေတယ် ။





နောက်ဆုံးတော့ ကျွန်တော်တို့ကြားမှာရှိတဲ့ သဘောမတူညီမှုတွေအားလုံးကို

ခြေဖျက်ပစ်လိုက်နိုင်ခဲ့တယ် ။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကျွန်တော်တို့နှစ်ယောက်

အကြီးအကျယ် ပွပေါက်တိုးခဲ့ကြတယ် ။ အရမ်းလည်း စိတ်လှုပ်ရှားခဲ့ရတယ် ။

မကြုံဖူးလောက်အောင် တုန်လှုပ်သွားခဲ့ရတဲ့အထိပဲ ။ အဲ့ဒီညမှာပဲ

ကျွန်တော်တို့ရဲ့ အောင်မြင်မှုအတွက် အကြီးအကျယ်အောင်ပွဲခံခဲ့ကြတယ် ။

နောက်တစ်နေ့မှာတော့ အတိတ်ကနဲ့ မတူညီတော့တဲ့ ဘ၀သစ်တစ်ခုကို

ကျွန်တော်တို့ တည်ဆောက်ခဲ့ကြတယ် ။ ကဲ .. အရာအားလုံး ပြီးဆုံးသွားပြီ လို့

ခင်ဗျား ထင်နေတာလား ။ ဘ၀တစ်ခုရဲ့ နိဒါန်းဆိုပေမယ့် နိဂုံးလည်း

ဖြစ်ကောင်းဖြစ်သွားနိုင်တာပဲလေ ။ ဒါကို ခင်ဗျား မေ့မထားဖို့ လိုတယ် ။

ကျွန်တော်တို့ တခြားလုပ်ငန်းတစ်ခုမှာ ရှိသမျှ ငွေကြေးတွေ ပုံအောပြီး

အစပြုခဲ့ကြတယ် ။ ကံမလိုက်ချင်ဘူးလို့ပဲ ပြောရမလား ။

ခွက်ခွက်လန်အောင် ရှုံးခဲ့တယ် ။ ကျွန်တော်တို့ရဲ့ ကျဆုံးချိန် ရောက်ခဲ့ပြီ ။

လက်ထဲမှာ ခြူးတစ်ပြားမှ မရှိတော့လောက်အောင်တော့လည်း မဟုတ်ပေမယ့် ၊

ကျွန်တော်တို့မှာ ရှိတဲ့ ငွေကြေးပမာဏက ဘာမှဆက်ပြီးလုပ်လို့မရတော့လောက်အောင်

အထိနာခဲ့ကြတယ် ။ ကျွန်တော့်သူငယ်ချင်းလည်း အရမ်းကို စိတ်ဓာတ်ကျသွားခဲ့တယ် ။

"သူ ပစ္စုပ္ပန်ကို ပြန်မလာဘဲ အနာဂတ်မှာပဲ နေခဲ့သင့်တယ်" လို့

ထုတ်ဖော်ငြီးငြူရလောက်အောင်ပဲ ။





အဲ့ဒီနောက်မှာတော့ ကျွန်တော်ဟာ ကိုယ့်ရဲ့ မူလလုပ်ငန်း (သူနဲ့ မဆုံခင်ကအထိ

လုပ်ခဲ့တဲ့) ကိုပဲ ပြန်လုပ်ခဲ့တယ် ။ ဖြည်းဖြည်းချင်း ၊ အေးအေးဆေးဆေးနဲ့ပဲပေါ့ ။

သူကတော့ အိမ်မှာပဲ အမြဲကျန်နေခဲ့ပြီး ၊ သူ့မှာ တစ်နေ့တစ်ခြား များပြားလာတာဆိုလို့

စိတ်ဓာတ်ကျခြင်းတွေပဲ ဖြစ်တယ် ။ ကျွန်တော် သူ့အတွက် စိတ်ပူရပါတယ် ။

သူ့အနေနဲ့ အနာဂတ်မှာပဲ နေသင့်တယ်လို့လည်း ထင်မြင်လာမိတယ် ။

ကျွန်တော် သတိမထားလိုက်မိတဲ့ အချက်တစ်ချက်ကို သူလုပ်ခဲ့တယ် ။

အဲ့ဒါဘာလဲ ဆိုတော့ သူ ဘဏ်တစ်ခုကို ဖောက်ခဲ့တာပဲ ။ နောက်တစ်နေ့မနက် သတင်းစာ

ခေါင်းစီးပိုင်းမှာ ဘဏ်ဖောက်ခံရခြင်းသတင်းဟာ အကျယ်တ၀င့် ပါဝင်လာတယ် ။

ရဲတွေရဲ့ လိုက်လံဖမ်းဆီးခြင်းမှ လွတ်မြောက်အောင် သူဟာ စက်ဘီးတစ်စီးကို

အသုံးပြုခဲ့တယ် ။ ကျွန်တော်ထင်ပါတယ် ။ သူ လာခဲ့တဲ့ အနာဂတ် ဆိုတဲ့ ကာလမှာ

ကားကို မသုံးကြတော့ဘူး ထင်ပါရဲ့ ။ ကံမကောင်းစွာပဲ ကျွန်တော့်သူငယ်ချင်းဟာ

နှစ်ရှည်လများ ထောင်ဒဏ်ကျခံခဲ့ရတယ် ။





အခုလက်ရှိရောက်နေတဲ့နေရာဟာ ကျွန်တော်တို့အတွက် အကောင်းဆုံးပဲလို့

ခင်ဗျား တွေးနေမိပြီ မဟုတ်လား ။ ခင်ဗျားဟာ အချိန်ကာလကို

ပြောင်းလဲနိုင်တဲ့လူတစ်ယောက် ဖြစ်ကောင်းဖြစ်ပါလိမ့်မယ် ။ ဒါပေမယ့်

ခင်ဗျားရဲ့ လက်ရှိအချိန်သာ ခင်ဗျားအတွက် အသင့်တော်ဆုံးဆိုတာ မမေ့ပါနဲ့ ။

ကျွန်တော်သာ အချိန်ကာလကို ပြောင်းလဲနိုင်တဲ့လူတစ်ယောက်

ဖြစ်ခဲ့မယ်ဆိုရင် ၊ ကျွန်တော် ဘာလုပ်မယ်လို့ ခင်ဗျားထင်သလဲ ။

ကျွန်တော်ကိုယ်တိုင် မသိသလို တခြား ဘယ်သူမှလည်း သိလိမ့်မှာ

မဟုတ်ဘူးဆိုတာ သေချာပါတယ် ။





(Jeppe Grünberger ၏ ၀တ္ထုတိုအား မှီငြမ်းပါသည်)





ဆူး ခ က် မ င်း

0 မှတ်ချက်များ:

Post a Comment