.
သူ ဆေးပေါ့လိပ် ဖွာနေ၏။ ဆေးပေါ့လိပ်၏ အမည်မှာ
သူဇာဖြစ်၍၊ သူ့အမည်မှာ ဆူးခက်မင်းဖြစ်သည်။
သူဇာအမည်ရှိ ဆေးပေါ့လိပ်ကို လမ်းထိပ်ကွမ်းယာဆိုင်မှ
ဝယ်ထားခြင်းဖြစ်ပြီး၊ ဆူးခက်မင်းအမည်ရှိ သတ္တဝါကို
ဒေါ်မြင့်မြင့်ဆွေမှ မွေးဖွားပေးခဲ့ခြင်းဖြစ်သည်။
ဒေါ်မြင့်မြင့်ဆွေ ကွယ်လွန်သည်မှာ လေးနှစ်ခန့်ရှိပြီ
ဖြစ်ပြီး၊ သူ ဆေးလိပ်သောက်တတ်သည်မှာ
ငါးနှစ်ခန့်ရှိပြီဖြစ်သည်။ ဆိုလိုရင်းက ဆူးခက်မင်း
အမည်ရှိ သတ္တဝါသည် သူဇာအမည်ရှိ ဆေးပေါ့လိပ်ကို
ဖွာရှိုက်နေခြင်းဖြစ်၏။ ဆေးလိပ်မီးခိုးငွေ့များကြားတွင်
သန္တာမိုး၏ မျက်နှာ ပေါ်လာသည်။ သန္တာမိုးသည်
ပုသိမ်သူဖြစ်၏။ ထူးအိမ်သင်လည်း ပုသိမ်သားဖြစ်သည်။
သန္တာမိုးက ထူးအိမ်သင်လို မျက်မှန်ထူထူမတပ်။
ထို့ကြောင့် သန္တာမိုးအား မငှက်ကြီးဟု ခေါ်ရန်မရှိ။
သူက သန္တာမိုးအား “မ” ဟု ခေါ်လေသည်။
“သူ” ဆိုသည်ကး သူဇာဆေးပေါ့လိပ်ကို ဖွာရှိုက်နေသော
ဆူးခက်မင်း ဖြစ်၏။ သန္တာမိုးက သူ့အား “မောင်” ဟု
ခေါ်လေသည်။ လွန်ခဲ့သော နှစ်ပေါင်းနှစ်ထောင့်ငါးရာခန့်က
အသုံးအနှုန်းများပင်။ သန္တာမိုးတွင် နှလုံးရောဂါရှိပြီး
ဒေါ်မြင့်မြင့်ဆွေတွင် ကျောက်ကပ်ရောဂါရှိလေသည်။
သန္တာမိုးမှာ သူ၏ ရည်းစားဦးဖြစ်ပြီး၊ ဒေါ်မြင့်မြင့်ဆွေမှာ
သူ့အမေဖြစ်၏။ ဒေါ်မြင့်မြင့်ဆွေ ကွယ်လွန်ခဲ့သည်မှာ
လေးနှစ်ခန့်ရှိပြီဖြစ်ပြီး၊ သန္တာမိုးနှင့် အဆက်အသွယ်
ပြတ်တောက်ခဲ့သည်မှာ သုံးနှစ်နှင့် လေးဆယ့်ရှစ်ရက်ခန့်
ရှိပြီဖြစ်သည်။
သူ ကော်ဖီတစ်ငုံ ငုံလိုက်သည်။ လှည်းတန်း Moon Bakery မှ
အဲကွန်းလေသည် အေးမြပေစွ။ သူ့ရှေ့တွင် (သူ နာမည်
မမှတ်မိတော့သော) မိန်းမငယ်တစ်ယောက် ထိုင်နေ၏။
သူမသည် ပခုက္ကူဇာတိဖြစ်သည်။ ဦးခင်သိန်းသည်
ပဲခူးဇာတိဖြစ်၏။ ဦးခင်သိန်းသည် ဆူးခက်မင်းနှင့်
သားအဖတော်စပ်လေသည်။ သူမ၏နာမည်ကို ယခု
မှတ်မိပေပြီ။ “ပန်းအိစံ” ဖြစ်၏။ သူမက သူ့အား
“ကို” ဟု ခေါ်၍၊ သူက သူမအား “ချစ်” ဟု
ခေါ်လေသည်။ ထိုစဉ်က ပုဂံလမ်းတွင် သစ်ရွက်ပေါင်း
များစွာ ကြွေ၏။ “ချစ်”သည် အသားညိုပြီး၊ ပါးချိုင့်နှင့်
သွားတက် ရှိလေသည်။ သူနှင့် တူညီသည်မှာ
အသားညိုခြင်းဖြစ်ပြီး၊ မတူညီခြင်းကား သူက
ပါးဖောင်းပြီး (ကွမ်းချိုးတက်နေသော) သွားထပ်ရှိခြင်း
ဖြစ်၏။ “ချစ်”က ကွမ်းမစားတတ်သော်လည်း
မုသားပြောတတ်သည်။ သူက ကွမ်းသမားဖြစ်ပြီး
မုသားပြောတတ်သည်။ ထို့နောက် ပုဂံလမ်းတွင်
သစ်ရွက်ပေါင်းများစွာ ကြွေလေ၏။
စက်မှု(၁)မှတ်တိုင်တွင် မိုးရွာနေသည်။
တခြားနေရာများတွင်လည်း မိုးရွာကောင်း ရွာနေနိုင်၏။
သူက စက်မှု(၁)မှတ်တိုင်တွင် ရောက်ရှိနေခြင်းကြောင့်
ထိုနေရာတွင် မိုးရွာနေကြောင်း ပြောခဲ့ခြင်းဖြစ်သည်။
စက်မှု(၁)မှတ်တိုင်တွင် ရွာနေသော မိုးစက်များအောက်
လူငယ်တစ်ယောက် ခိုက်ခိုက်တုန်နေ၏။
ထိုလူငယ်မှာ ဆူးခက်မင်း ဖြစ်သည်။ အကြောင်းအရာ
အပြည့်အစုံကို သိရှိလိုပါက ၄င်းရေးခဲ့ဖူးသော
“ကမ္ဘာပျက်၍ ပြတ်ရွေ့ကြောင်းများဖြင့် ကမ္ဘာပျက်ခြင်း”
ဟူသည့် ကဗျာအား ရှာဖတ်ပါလေ။ (ဤကား စကားချပ်)။
ပါဝင်ပစ္စည်းများ -
(၁) Black Day
(၂) ခေါင်းလောင်းကြိုး
(၃) ခေါင်းစွပ်အင်္ကျီ
(၄) သွားတက်
သူမက သူ့အား “အစ်ကိုတော်” ဟု ခေါ်၍၊
သူက သူမအား “မိချမ်းမွန်” ဟု ခေါ်၏။
“ကြယ်တာရာသုပ် တစ်ပွဲ” ဟု သူ အော်မှာလိုက်၏။
သက်တံ့အစွန်းတွင် သူနှင့် ဗန်ဂိုး ထိုင်နေပြီး၊
အလယ်တွင် “ဇေ” ပုလင်း ထောင်ထားလေသည်။
ခဏကြာတော့ စားပွဲထိုးလူငယ် လာချပေးသည်မှာ
ကြယ်တာရာသုပ် မဟုတ်ဘဲ နားရွက်သုပ်ဖြစ်နေ၏။
ယင်းနားရွက်မှာ ဝက်နားရွက် မဟုတ်၊ ဗန်ဂိုး၏
နားရွက်ဖြစ်သည်။ ငတိကြီးက ပြုံးပြ၏။
ဘယ်လိုကြီးမှန်းကို မသိ။ သူ အိပ်ရာမှ
လန့်နိုးလာသည်။ မြန်မာရုပ်ရှင်တွေထဲကလို
ချွေးစေးတွေ အတောင့်လိုက် ထွက်မနေသည်မှာ
အံ့သြစရာမဟုတ်။ ဆောင်းည ဖြစ်၏။
သူ့နံဘေးတွင် ကိုယ်လုံးတီးမိန်းမတစ်ယောက်
အိပ်နေသည်။ သူမကား “မိုးဟေကို” မဟုတ်။
“ဖြိုး” ဟု အမည်ရ၏။ သူက သူမ၏ နှုတ်ခမ်းအား
ဂျပ်စတင်တင်းဘားလိတ်ခ်လို နမ်းလိုက်ရာ
သူမ နိုးလာပြီး ဂျပ်စတင်ဘီဘာလို ပြုံးပြလေသည်။
ရပ်ကွက်ထဲမှ လူငယ်များ အော်ဟစ်ကြ၏။ သူက
သူမအား နမ်းလိုက်ခြင်းကို သြဘာဝိုင်းပေးကြခြင်း
မဟုတ်။ ထိုညက ဒီဇင်ဘာ(၃၁)ရက်နေ့ ဖြစ်၏။
ထိုတစ်မိနစ်စာကလေးတွင် သူနှင့် သူမ
၂၀၁၀ ရထားပေါ် တက်လိုက်ကြသည်။
ရပ်ကွက်ထဲမှ လူငယ်များ အော်ဟစ်ကြ၏။
သူနှင့်သူမက RUM ထည့်ထားသော ဖန်ခွက်များအား
ကိုင်မြှောက်၍ “စာမျက်နှာ ၁၅” သီချင်းကို
ဆိုနေလေသည်။ ကုတင်ဘေးရှိ စားပွဲပေါ်သို့ကြည့်မိတော့
ကြက်ဆီဗူးကင် တွေ့ရ၏။ ငတိမက သူ့အား ပြုံးပြလေသည်။
ဘယ်လိုကြီးမှန်းကို မသိ။ ။ ။
ဆူး ခ က် မ င်း
Thursday, March 29, 2012
Subscribe to:
Post Comments (Atom)
0 မှတ်ချက်များ:
Post a Comment