Pages

Subscribe:

Saturday, October 31, 2009

တတိယ ကာရန် - ရဲလေး

အားလုံးအတူတူ (Feat: Jocker)
ငါဘာမှမသိ(Feat: Jenny)
ကိုယ့်ရဲ့ကွက်လပ်
ဘာစားမှာလဲအစ်ကို(Feat:ထိန်ဝင်း )
တို့နှစ်ယောက်အကြောင်း(Feat:သား ကြီး)
ဝမ်းတူးဝမ်းတူး(Feat:Jocke r)
မနှုတ်ဆက်ချင်ဘူး(Feat:အိမ့်ချစ်)
ကောင်ကလေးကကောင်မလေးကို(Feat:အစ္စဏီ)
မဟုတ်ရပါဘူး(Feat:ထိန်ဝင်း )
ရိုးမြေကျ
မင်းနဲ့ပျော်ချင်လို့
နတ်သမီး(Feat:အစ္စဏီ)
တစ်ယောက်တစ်မျိုး(Feat: Ah Boy)
မနှုတ်ဆက်ချင်ဘူး(Feat:လွမ်းပို င်၊ အိမ့်ချစ်၊ bobby soxer (ထက်ထက်))

Download ရယူရန်

Shared By MMA :


Wednesday, October 28, 2009

အိပ်မက်ချင်း ပေါင်းကူးကြသော ငါတို့  ဒီည

အို၊ နာ၊ သေ ဘ၀က ကျွတ်ထွက်
အို၊ နာ၊ သေ ဘ၀က ပြန်စ
အစတော့ဖြစ်လာခဲ့၊ အဆုံးတော့ မျှော်လင့်ချက်တစ်ခု
ထို ထိုသော အကြား၌ ခင်မင်ခဲ့သော
အတိတ်က ရက်စွဲများကို
တမ်းတ၊ တမ်းတ၊ ထိုတမ်းတခြင်း
အရိပ်မှာ ပျော်ရွင်ခြင်း မျက်ရည်စများ

သတိရတိုင်း ၊ ဖန်ခွက် နှစ်ခု
ထ ထ တိုက် တယ် ။ ရေခဲတုံး ၊
ဝါကျင့်ကျင့် အရည် ၊ ဖန်ခွက် ၊
စကားလုံးများ ၊ ရယ်မောသံ ။
ဒီလိုနဲ့ ၊ ကျွန်တော်တို့  ..
တစ်ယောက်လည်ပင်း တစ်ယောက် ၊
ကြိုးကွင်းစွပ် ၊ ရင်ဘတ်ချင်း ကပ်တဲ့ထိ ၊
ဆွဲစေ့ခဲ့ကြ ။
ရင်ဘတ်တွေ ဆွဲစေ့ရင်း ၊ ဖန်ခွက်တွေ တိုက်လိုတိုက် ။
ဖန်ခွက်တွေ ဆွဲစေ့ရင်း ၊ ရင်ဘတ်တွေ တိုက်လိုတိုက် ။
ကိုယ့် ၀ါဒနဲ့ သူ့ ဝါဒ ၊ မတော်တဆ ၊ ထထ တိုက်လိုတိုက် ။
နောက်တော့လည်း ၊ တစ်ယောက်ပုခုံး တစ်ယောက်ဖက် ။
မြောက်ဥက္ကလာကို ပြန်ကြစို့  သူငယ်ချင်း ။


ရင်ခုန်သံတွေပါတယ်၊ ပြိုးပြိုးပြက်ပြက်မီးရောင်တွေပါတယ်
ကာဗျ ဆိုတာပါတယ်၊ ဟော ... လွင့်လာပြီ
လွင့်လာကြပြီ
အမည်းရောင်လေထုထဲက အမည်းရောင် ပိတ်ကားစများ
နှုတ်ခမ်းက ဆေးလိပ်ကို ဆာကေးနဲ့သတ်ကာ
မရှုမလှရီဝေနေသော လောကသားတွေကြား
ငါလဲ အလိုတူ၊ ဟေ့ကောင်၊ ဟေ့ကောင်
ရီဝေနေတဲ့ မြူးဇစ်ကြား
လွင့်ကာလွင့်ကာလွင့်ကာ
ချီတတ်လာခဲ့တယ်
မြို့ပြ ညတွေကြား ...... ဆို ... မူး ......

ဘ၀နှစ်ခု မှာ ၊ ရင်ဘတ်နှစ်ခု
စီးချင်းထိုးကြ ၊ ( 2 + 1 ) တစ်ယောက်တစ်ခွက်နဲ့ 
နှစ်ယောက် တစ်အိပ်မက် ဆက်မက်ကြ ။
မန္တလေး တစ်ဘူး ၊ ကွမ်း နှစ်ရာဖိုးနဲ့  ။
ငါတို့  အိပ်မက်တွေက ခမ်းနားတယ် ။
ရှစ်မိုင်ညတွေမှာ ၊ ငါတို့  အတူ ကခုန်ကြ ။
မူးမူး မမူးမူး ၊ ငါတို့ စကားတွေ အဓိပ္ပါယ်ရှိစွာ ဖောင်းပွကြ ။
ရူးလိုက် မူးလိုက်နဲ့ ၊ အရူးအမူး ၊ မူးရူးလိုက်ကြ ။
ကဲ .... သူငယ်ချင်း ။
ဒီည ငါတို့  အိပ်မက်ချင်း ပေါင်းကူးကြမယ် ။

ဏီအဲY နှင့် ဆူးခက်မင်း ပေါင်းရေးသည်။

Friday, October 23, 2009

တကူးတက ကံဆိုးတဲ့ ကောင်

အရောင် ။
ဘယ်လိုအရောင်လဲ ။
အိပ်မက်မက်ဖို့  မေ့နေတဲ့ကောင် ။
အိပ်မက်ထဲက အရောင်တွေ ၊ အိပ်မက်ထဲ
ပြန်ရှာ ။ တောတွေ နက်လိုက် ။
မြို့ တွေ ပျက်လိုက် ။ အရောင်တွေ
မမှတ်မိတဲ့ကောင် ။ ပင်လယ်နဲ့
ကောင်းကင် ၊ မလိုအပ်လည်း ပြာတယ် ။


တခါတလေကျ ၊ မမြင်မကန်းနဲ့ ရူး ။
မိုးရေစိုနေတဲ့ မြက်တွေ ။
မျက်ရည်စိုနေတဲ့ မိုးတွေ ။
သူ့ ကိုယ်သူ ဗေဒင် ပြန်တွက်ကြ ။
ငါကလည်း ၊ ငါ့ကိုယ်ငါ ယတြာပြန်ချေ ။
တစ်ခါခါးတိုင်း ၊ နှစ်ခါပြန် မြိုချ ။


ငါကိုက ကံဆိုးတာ ။
တစ်ခါလေး ကြက်ခြေခတ်မိပါတယ် ။
လက်ဝါးကပ်တိုင် အဖြစ် ၊ ဒေါင်လိုက် ပြောင်း ။
ကျောဘက်မှာ အပြားလိုက် လာကပ်တာ ။
နောက်ကျောဘက်က ရင်တစ်ခြမ်း ။
စုတ် ပြတ် သတ် ။
စုတ်စုတ်ပြတ်ပြတ်နဲ့ကို အသတ်ခံလိုက်ရ ။ ။

Friday, October 16, 2009

ကျွန်တော်ဖွင့်ချကြည့်လိုက်တယ် အထဲမှာ ဘာမှမရှိတော့ဘူး

ဤဘလော့တွင် ရေးသားထားသော စာတစ်ပုဒ်ကို ဖြစ်စေ၊
စာတစ်ပိုဒ်ကို ဖြစ်စေ၊ စာတစ်ကြောင်းကို ဖြစ်စေ မည်သည့် မည်မျှကိုဖြစ်စေ စီးပွားရေးအရဖြစ်ဖြစ်
တရားဝင်သည်ဖြစ်စေမ၀င်သည်ဖြစ်ေ
စမည်သည့်နေရာတွင် မဆို ကူးယူဖော်ပြလိုပါက
ပိုင်ရှင်၏ ခွင့်ပြုချက် ရယူရန် မလိုဘဲ မည်သူမဆို စိတ်ချမ်းသာသလို ပြန်လည်ဖော်ပြနိင်ပါသည် ။
ထိုသို့ကူးယူဖော်ပြသည့်အတွက်ပြန်လည်ကျေးဇူးတင်ပါသည်။အဘယ်ကြောင့်ဆိုသော်
ကျွန်ုပ်၏စကားလုံးများကို တခုတ်တရအလေးထားပြီးစားသုံးသွားသည့်အတွက်ကျေးဇူးတင်ကြောင်းပဏာမပြောကြားလိုပါသည် ။
အနီအပြာ အဖြူ အ၀ါ မကွဲပြားသေးပေမယ့် မနက်၆နာရီနှိုးစက်ပေးဖို့ခဏခဏသတိမေ့တတ်သူ
နို့တိုက်သတ္တ၀ါ ၅ မျိုး၏အမည်နာမကိုပုံနှင့်တကွဖြေဆိုပါ။ စိတ်ပါသည်ဖြစ်စေမပါသည်ဖြစ်စေ။
သံသယအကြည်နဲ့သံသယစကားကိုဖင်ခုထိုင်ပြီးစွပ်စွဲပြောဆိုတတ်သည့် လူတစ်ယောက်ကို
ယမန်နေ့ မနက်၆နာရီထိုးဖို့ ၈နာရီ၂၈ မီနစ် အလိုတွင် လျှပ်တစ်ပြက်တွေ့လိုက်ရသေးသည်။
ကျွန်တော်မွေးနေ့ကိတ်မလှီးဖူးတာ( ....) နှစ်ရှိပြီ။ဤသည်ကားစကားချပ်၊
သပ်သပ်ရပ်ရပ်ဝတ် ဆင်ထားသော စကားလုံးမျိုးမဟုတ်သော်ငြားလည်းခေါက်ရိုးမကျိုးသေးသည့် ၀ါကျအပုပ်အပွများဖြစ်ပေသည်။
တစ်ပြားတန်သည်ဖြစ်စေ/တစ်ပဲတန်သည်ဖြစ်စေ။
ဝဋ်ကြွေးများကြေပါစေသတည်းဟု ဆုမတောင်းခဲ့ဖူးပါ ။ဥာဏ်စဉ် ၂၂ ပါးအကြောင်းဆွေးနွေးတိုင်ပင်ခြင်းတစ်ခါမှမရှိ
တလွဲတချော်နဲ့ ပစ်မှတ်ကိုအလွဲလွဲအချော်ချော်ပစ်ခတ်ရင်း ရိုးသားဖြောင့်မတ်စွာမှားယွင်းနေတုန်း/ဆဲ ။
နုပျိုရာကနေအိုမင်းလာပါတယ်အဆင်ပြေရာကနေ အဆင်မပြေတဲ့ဘက် ပြောင်းလဲတာလဲ။ငိုရာကနေ ပြုံးရတာလဲ ရှိသလို
ဆုံလိုက်ကွဲလိုက်၊ ပျော်လိုက်ငိုလိုက်၊ အောင်လိုက် ရှုံးလိုက် အမြဲပဲပြောင်းလဲနေပါတယ်။အနိစ္စအမြဲမရှိ ။



မရှိခြင်းသည် အဆုံးစွန်ဆုံး ရှိခြင်း ဖြစ်နိုင်သည် ။ သို့  မဟုတ် မည်သည့်အရာမျှ ရှိမနေခြင်းလည်း ဖြစ်နိုင်သည် ။
မည်သို့  ဆိုစေ ကျွန်ုပ်တွင် မရှိခြင်းများ မရှိသလို ၊ ရှိခြင်းများလည်း မရှိခဲ့ ။ တကယ် မရှိသည်များကို အရှိဟု ထင်နေခြင်း ၊
သို့ တည်းမဟုတ် တကယ် ရှိသည်များကို မရှိဟု ထင်နေခြင်း ၊ ထို နှစ်မျိုးထဲမှ တစ်ခုကို ကြက်ခြေခတ်ပါ ။
ဟုတ်ကဲ့ ။ ကျွန်ုပ်တွင် ကြက်ခြေခတ်ရန် မင်နီ မရှိပါ ။ ထို့ ကြောင့် လွယ်လင့်တကူ ဆုတ်ဖြဲပစ်လိုက်ပါသည် ။
` ဗြိ ..... ဗြိ .. ´ (မြည်သံစွဲအလင်္ကာ) ။မြည်သံကိုစွဲ၍ လွယ်လင့်တကူ ဆုတ်ဖြဲပစ်ခဲ့သည်။ထိုသို့ဆုတ်ဖြဲပစ်ခဲ့သည့်
အပိုင်းအစများ ၊ လွယ်လင့်တကူပင် အပိုင်းပိုင်း အစစ ဖြစ်သွားပြီး ၊
လွယ်လင့်တကူ ကောက်လွယ်ခဲ့သော လွယ်အိတ်တွင်းမှ ကဗျာများကို ၊ လွယ်လင့်တကူ ထုတ်၍ ၊ လွယ်လင့်တကူ ရွတ်ခဲ့ပါသည် ။

` ဟူးးးးးးးးးးးးးးးးး
တိမ်တွေ လေရှုပုံမှားနေတယ်
မိကြယ်စင် ရေ ....
ဝေးးးးးးးးးးးးးးးးးးးးးးးး
ဝေးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး ´

( စာကြွင်း ။ ။ လွယ်လင့်တကူ ရွတ်ခဲ့သည်ဟု ဆိုသော်လည်း တနင့်တပိုး အားစိုက်ထုတ်၍ ရွတ်ခဲ့ရကြောင်း ၀န်ခံအပ်ပါသည် ။
ကျွန်ုပ် အားစိုက်ထုတ်ခဲ့ရသည်တော့ မဟုတ် ။ မနက်ဖြန်တို့ တွင် ဗေဒ လွဲနေသည့် မောင်မိုးချို ၏ ချွေးစက်တို့ နှင့် လည်ချောင်းရှင်း၍
တနင့်တပိုး အားစိုက်ထုတ်၍ ရွတ်ခဲ့ခြင်း ဖြစ်ပါသည် ။ )



အမည်မဲ့


+

ဆူးခက်မင်း

Monday, October 12, 2009

အရွယ်လွန် တစ်ယောက် ငိုနေသည်

အထီးကျန်ခြင်း ၊ ဆိုတဲ့
နတ်ဆိုးတစ်ပါး ၊ ငါ့ ၀ိညာဉ်ကို
သိမ်းပိုက်ပစ်လိုက်တယ် ။

…………… G ……………
…………. O …………….
……….. O ………………
……… D ………………..
……………………………
……………………………
………… B …………….
……………. Y………….
………………… E ……..
…………………………….
……………………………..

နားထဲ ၊ ငှက်ဆိုး တစ်သိုက်
ဝင်မွှေသွားသလိုပဲ ။

ဂွတ်ဘိုင် ဆိုတဲ့ ၊ စကားနှစ်လုံး
နဲ့  တင် ၊ ငါ့ ဘ၀ တစပြင် ဖြစ်ခဲ့တာ ။

ဘယ်လောက်နာကျင်ရတယ်ဆိုတာ ၊
မပြောချင်ဘူး ။
ဘယ်လောက်နာကျင်နေပါစေ ၊
မငိုချင်ဘူး ။
ငါ ဆိုတဲ့ ကောင်က ၊ ငိုဖို့ အတွက်
အရွယ်လွန်ခဲ့တာ ၊ ကြာပြီလေ ။


ငါသိခဲ့တယ် ၊ ငါသိနေတယ် ။
မင်း ၊ ငါ့ကို ၊ နမ်းနေတုန်းပဲ ။
ငါ ၊ မင်းကို ၊ နမ်းနေတုန်းပဲ ။
အခြားတစ်ယောက်ရဲ့  ၊ နှုတ်ခမ်းတွေ အစား ။
မင်း ၊ ငါ့ကို ၊ အစားထိုးခဲ့တယ် ။
ငါ ၊ မင်းကို ၊ အစားထိုးခဲ့တယ် ။
ကိုယ်ပိုင်ဆိုတာ ၊ ဘယ်မှာလဲ ။
ကိုယ်ကိုယ်တိုင်တောင် မပိုင်တဲ့ နောက် ။
မင်းကို ငါ ၊ ငါ့ကို မင်း ၊ မပိုင်ဆိုင်ချင်နဲ့ တော့ ။

မင်း မပါပဲ ၊ သောက်ရတဲ့
ကော်ဖီတစ်ခွက် ။
ဆူးတွေ မြိုချနေရသလိုပဲ ။
တဆစ်ဆစ်နဲ့ ၊ ရင်ထဲက ၊ အောင့်တယ် ။
ဒါပေမယ့် ၊ ငါ မငိုခဲ့ပါဘူး ။
ငါဆိုတဲ့ကောင်က ၊ ငိုဖို့အတွက်
အရွယ်လွန်ခဲ့ပြီလေ ။

ဘာမှ မထူးဆန်းသလို ၊ မင်း
ထွက်သွားတယ် ။
ဘာမှ မထူးဆန်းသလို ၊ မင်း
ထားခဲ့တယ် ။

အဲသည့် နေ့က ၊ ငါ ပြောဖို့ 
ကြိုးစားခဲ့တယ် ။
ချစ်တယ် ဆိုတဲ့ စကားကိုပေါ့ ။
မင်း ထွက်သွားတဲ့နေ့ ။
ငါ ဖွင့်ပြောဖို့  ဆွံ့ အခဲ့တဲ့ နေ့ ။

အဲသည့်နေ့ က ၊ ကြယ်မလင်းဘူး ။
ဖယောင်းတိုင်မီးညွန့် တွေ ၊ မလှုပ်ခတ်ဘူး ။
လမ်းထိပ်အုတ်ခုံမှာ ၊ ဂစ်တာသံ မကြားရဘူး ။
ပလာဇာမှာ ၊ လူမစည်ဘူး ။
ငါ့ အိမ်လေးထဲမှာ ….
ငါ တစ်ယောက်တည်း …
လူမစည်ဘူး ၊ ဂစ်တာ မတီးဘူး ။
ဖယောင်းတိုင် မထွန်းဘူး ။
ကြယ်မလင်းဘူး ။
အမှောင်ထဲမှာ ၊ တိတ် ဆိတ် ငို ရှိုက် ။

မမေ့နိုင်ဘူး ချစ်သူ ။
မေ့ဖို့  ကြိုးစားရင်း ၊ မေ့ပျောက်ပစ်ဖို့ ကို
မေ့ မေ့ လာ တယ် ။
နာကျင်တာတွေကို မေ့သွားတယ် ။
ငိုခြင်းတရားကို မေ့သွားတယ် ။
ဒိုင်ယာရီထဲက တစ်သျှူးအဟောင်းလေးကို မေ့သွားတယ် ။
စက္ကူငှက်လေးတွေကို မေ့သွားတယ် ။
မေ့ရင်း ၊ မေ့ရင်း … … …
မင်းကို မေ့ပစ်ဖို့  မေ့သွားတယ် ။

ဒီလိုနဲ့ပဲ ….
ငါဆိုတဲ့ ကောင်က ..
ငိုဖို့ အတွက် အရွယ်လွန်နေပါလား …
ဆိုတာကို ….
မေ့သွားတယ် …


အောက်တိုဘာ ၁ ရက် ၊ ၂၀၀၉ ။