Pages

Subscribe:

Thursday, March 29, 2012

ဇန်န၀ါရီ ခြောက်ရက်နေ့မှာ ၂၀၁၂ ဟာ အနှိုင်းမဲ့ လွမ်းမောခြင်း

ကျွန်တော့်မှာ ကိုယ်ပိုင်ညလေးတစ်ည ရှိတယ်

အဲ့ဒီညလေးကို ကျွန်တော်က

ညီမလေးလို့ နာမည်ပေးထားလိုက်တယ်

ညီမလေးရဲ့ ဆံပင်နက်နက်တွေထဲမှာ

ခန့်မှန်းရခက်တဲ့ မျက်လုံးနက်နက်လေးတွေ ရှိတယ်

ညီမလေးဟာ ကိုယ်ပိုင်အတွေးအခေါ်နဲ့

ကိုယ်ပိုင် ဒီမိုကရေစီနဲ့

ညီမလေးရဲ့ နံနက်ခင်းစာက

ကျွန်တော့် သတိရခြင်းတွေပဲ ဖြစ်ရဲ့

ညီမလေးဟာ သူမရဲ့ လိုအင်ဆန္ဒတွေကို

ကျစ်ဆံမြီးထဲ ထုပ်သိမ်းထည့်ချည်ထားတယ်

ညီမလေးဟာ ..

ကျွန်တော်နဲ့ အလင်းနှစ်သန်းပေါင်း

တော်တော်များများအဝေးမှာ ..

ညီမလေးရဲ့ သက်ပြင်းရှိုက်သံတွေက

ကျွန်တော့် ၀င်သက်ထွက်သက်တွေပဲ

ညီမလေးကို လွမ်းတယ်လို့ ပြောလိုက်ရုံနဲ့

ဒီစာသားက အတိဿယ၀ုတ္တိ မြောက်မှာမဟုတ်ဘူး

ကျွန်တော်ရိုးရိုးလေးပဲ ပြောလိုက်ချင်တာက

ညီမလေး မင်းကို ငါ လွမ်းတယ် ဆိုတာပဲ

ညီမလေးရဲ့ နဖူးစင်စင်လေးထက်မှာ

နွေရာသီတွေ ကိန်းအောင်းနေတုန်းလား

ကျန်းမာရေး ဂရုစိုက်ပါ

ချစ်ခြင်းမေတ္တာမှာ ဘယ်နှဘူတာ ခြားတယ်ဆိုတဲ့

အမှတ်အသားမရှိဘူး ညီမလေး

လရာသီပေါင်း (၂၄)

ညီမလေးရဲ့ သနပ်ခါးရနံ့တွေထဲမှာ

ကျွန်တော် ပျောက်ဆုံးချိန် ကြာလွန်းခဲ့တာ

ကြာလွန်းမက ကြာခဲ့တာ ။



ဆူး ခ က် မ င်း



* သူငယ်ချင်း မင်းလုလင်အတွက် အမှတ်တရ (သို့) တခုတ်တရ

0 မှတ်ချက်များ:

Post a Comment