Pages

Subscribe:

Thursday, March 22, 2012

ဆုတောင်းကြမ်းသူများ

ကျွန်တော့်မှာ ငါးမျှားတံတစ်ချောင်းရှိတယ် ။ ငါးမျှားတံဆိုပေမယ့်
ထုံးစံအတိုင်း ငါးမျှားချိတ်ပါ ပါပြီးသားဖြစ်မယ်ဆိုတာ တကူးတက
ထည့်ပြောနေစရာ မလိုတော့ဘူးထင်ပါတယ် ။ ကျွန်တော့်မှာ
အိမ်နီးချင်းတစ်ယောက်ရှိတယ် ။ အဲ .. မှားသွားတယ် ။
ကျွန်တော့်မှာ အိမ်နီးချင်း နှစ်ယောက်ရှိတယ် ။ ကျွန်တော့်အိမ်ရဲ့
ခြေရင်းဘက်မှာ အောင်စည်သူ ဆိုတဲ့လူ နေပြီး ၊ ကျွန်တော့်အိမ်ရဲ့
ခေါင်းရင်းဘက်မှာ စည်သူအောင် ဆိုတဲ့လူ နေတယ် ။
အောင်စည်သူက ကျွန်တော့်သူငယ်ချင်း ကဗျာဆရာရဲ့
နာမည်နဲ့ ဆင်တူ (ထပ်တူကျ) ပြီး စည်သူအောင်က ကျွန်တော့်အစ်မ
ငယ်ငယ်တုန်းက ထားခဲ့ဖူးတဲ့ ရည်းစားရဲ့ နာမည် ဖြစ်တယ် ။
ကျွန်တော့်ခေါင်းရင်းအိမ်က စည်သူအောင်ဟာ ကျွန်တော့်အစ်မရဲ့
ရည်းစားဟောင်း မဟုတ်သလို ၊ ကျွန်တော့်ခြေရင်းအိမ်က
အောင်စည်သူဟာ ကျွန်တော့်သူငယ်ချင်း ကဗျာဆရာ မဟုတ်ဘူး ။

တစ်ရက်မှာ ကျွန်တော့်အိမ်နီးချင်း အောင်စည်သူက ကျွန်တော့်ရဲ့
ငါးမျှားတံကို လာငှားတယ် ။ အဲ့ဒီနေ့မှာပဲ ကျွန်တော့်အိမ်နီးချင်း
စည်သူအောင်က ကျွန်တော့်ခြံထဲမှာ တီကောင်လာတူးတယ် ။
အောင်စည်သူ့မှာ တီကောင်ရှိလို့ ကျွန်တော့်ဆီက ငါးမျှားတံ
လာငှားတာ ဖြစ်နိုင်တယ် ။ စည်သူအောင့်မှာ ငါးမျှားတံရှိလို့
ကျွန်တော့်ခြံထဲမှာ တီကောင်လာတူးတာ ဖြစ်နိုင်တယ် ။
သူတို့နှစ်ယောက် အတူတူ ငါးသွားမျှားမှာ ဖြစ်နိုင်သလို ၊
သူတို့နှစ်ယောက် တစ်နေရာစီ ငါးသွားမျှားမှာလည်း ဖြစ်နိုင်တယ် ။
အသေချာဆုံးကတော့ အောင်စည်သူက ကျွန်တော့်ငါးမျှားတံကို
ငှားသွားပြီး ၊ စည်သူအောင်က ကျွန်တော့်ခြံထဲမှာ တီကောင်
လာတူးသွားတယ် ။

ခဏနေတော့ ကျွန်တော် အိပ်လိုက်တယ် ။ အောင်စည်သူ့ကို
ငါးမျှားတံ ငှားလိုက်ရလို့ အိပ်လိုက်ခြင်း မဟုတ်သလို ၊ စည်သူအောင့်ကို
တီတူးခွင့် ပေးလိုက်ရခြင်းကြောင့် အိပ်လိုက်တာ မဟုတ်ဘူး ။
ကျွန်တော့်ရဲ့ လိုအပ်ချက်အရ ကျွန်တော် အိပ်လိုက်တယ် ။
ကျွန်တော့်ရဲ့ ဖြစ်တည်မှုအရ ကျွန်တော် အိပ်လိုက်တယ် ။

အိပ်မက်ထဲမှာ အောင်စည်သူက ကျွန်တော့် ငါးမျှားတံမှာ မိနေတဲ့
ငါးတစ်ကောင်ဖြစ်နေတယ် ။ ပုံပြင်ထဲကလို ဆုသုံးဆု တောင်းခိုင်းပြီး
သူ့ကို လွှတ်ခိုင်းတယ် ။ ကျွန်တော် ပထမဆုံးဆု တောင်းလိုက်တယ် ။
ပြည့်သွားတယ် ။ ကျွန်တော် ဒုတိယဆု တောင်းလိုက်တယ် ။
ပြည့်သွားတယ် ။ ကျွန်တော် တတိယဆုကို တောင်းလိုက်တယ် ။
ကျွန်တော် ဆုတောင်းလိုက်တဲ့အတိုင်း ရှေ့က ဆုတောင်းနှစ်ခု
ပျက်ပြယ်သွားတယ် ။ ဘာမှမပြည့်စုံခြင်းဟာ အလုံးစုံပြည့်ဝခြင်းပဲ လို့
ကျွန်တော် ခံယူထားတယ် ။ ကျွန်တော် အိပ်မက်ဆက်မက်တယ် ။

အိပ်မက်ထဲမှာ စည်သူအောင်က ကျွန်တော် တူးနေတဲ့ ခြံထဲက
တီကောင်တစ်ကောင် ဖြစ်နေတယ် ။ ကျွန်တော် စည်သူအောင့်ကို
လက်ညှိုးနဲ့ခြေပြီး သတ်ပစ်လိုက်တယ် ။ ဘာဆုမှ တောင်းစရာ
မလိုတော့သလို ၊ ဘာဆုတောင်းမှ ပြည့်စရာမလိုတော့ဘူး ။

ကျွန်တော် အိပ်မက်က လန့်နိုးလာတယ် ။ အောင်စည်သူက ကန်ထဲမှာ
ငါးမျှားရင်း ငါးအကြီးကြီး (များများ) ရပါစေလို့ ဆုတောင်းလို့ကောင်းတုန်း ။
စည်သူအောင်က ခြံထဲမှာ ဟိုဟိုသည်သည် ဆွရင်း တီကောင်များများ
ရပါစေ လို့ ဆုတောင်းလို့ ကောင်းတုန်း ။ ကျွန်တော်က ဂျက်ကမ္ဘာ
ဆေးပေါ့လိပ်ကို ဖွာရှိုက်လို့ကောင်းတုန်း ။

2012.

0 မှတ်ချက်များ:

Post a Comment