Pages

Subscribe:

Friday, July 3, 2009

စနှင့် စ၍ ၊ ဆ နှင့် ဆုံးသော

တိမ်ညိုတွေ မရှိတော့တဲ့ ၊ ညဥ့်ယံ
မှာ ၊ ( ငါ ) တစ်ယောက်
တည်း ၊ လင်း - တောက်
ကာရန် မ/ရှိ တဲ့ ရစ်သမ်ကို
လွမ်း …….. တယ် …
အပြာရောင်လေးကြိုး ၊ ရထားတစ်စင်း
လို ၊ တအူအူ မြည်သံပေး ..
ငါ့ နံနက်ခင်းထဲက ( နေ ) ၊ တိတ် ( တ ) ဆိတ်
ထွက်ခွာ / ခွာထွက် …… သွား …

“ လ နှစ်စင်း အပြိုင်ခတဲ့ နန်းတော်မှာ
နင့် သွေးစက်တွေ ၊ ဝိုးတဝါး စစ်ကြေငြာခဲ့ပေါ့ ”

ပျင်းလို့ ရုပ်ရှင်ဝင်ကြည့်ပါတယ် ..
ပိတ်ကားပြင်က သမ်းပြနေလေရဲ့
စိတ် - လေ - တယ် ။
“ ရုပ်ရှင်လို မဟုတ်ဘူး ၊ အဖြစ်မှန်နဲ့ မတူဘူး..
ဘဝဆိုတာ ပန်းခင်းလမ်းအတိုင်း မဖြစ်နိုင်ဘူး .. ”
မဖြစ်နိုင်မှန်း သိရက် ၊ ကြည့်နေမိ
တဲ့ ၊ ငါက ( ရော ) ၊
ရုပ်ရှင်တစ်ကားလား ? ? ?
ရင်အရှုပ်ခံပြီးတော့ ရုပ်ရှင်မဖြစ်ချင်ရဲ့ ။
ပြဇာတ်လောက်ဆို ၊ မအူမလည် ဝင်ကလိုက်မယ် ။
သြော် ၊ ဘာလိုလို နဲ့ ..
နေကြာစေ့ အခွံတွေတောင် ပက်လက်လန်( ကုန် ) ရော ။

ရော ၊ ရော ၊ ရော ၊ ရော
မနေ့ည ၊ ကြယ်တစ်ပွင့်
အုတ်ရောရော ၊ ဖွဲရောရောနဲ့
ပြုံး - တယ် ။
မဆီမဆိုင် ၊ နင် ၊ နင့် ၊ သွားတက်လေး
သတိရမိပေါ့ …
ချစ်ရပါသော ( __________ )

“ အို … ချစ်သော ဒရက်ကူလာမလေးရေ ..
ကိုက်ဖြတ်လော့ ၊ ဖောက်ထုတ်လော့ ..
ငါ့ လည်မြိုမှတဆင့် ၊ ငါ့ ခန္ဓာတွင်းမှ သွေးတို့အား
စုပ်ယူစားသုံးလော့ ..
ငါ ဆိုတာ ၊ နင် ရှင်သန်ဖို့
သွေးစက်တို့ ၊ စုဆောင်းရာ
သိုလှောင်ရုံ သက်သက် ”

အတောင်မစုံခင် ရိုင်းစိုင်းခဲ့တဲ့နောက်
ငါ ဆိုတာ ၊ နင် မပါလို့ မဖြစ်တဲ့
ယဉ်ကျေးမှုဆိုင်ရာ ဘာသာဗေဒ တစ်ရပ်
အငြင်းပွားမှုတွေ ၊ နေသားတကျ ရှိနေတဲ့ မြို့တော်
မှာ ၊ ငါ တစ်ယောက်တည်း
သဘောတူညီခြင်းတွေ ၊ ပျော်ဝင်နေမိ
ဝင် - ပျော် - နေ - မိ …

ဝိုင်တစ်ခွက်လောက်တောင် ၊ တန်ဖိုး မရှိတဲ့
ငါ့ သွေးသား ( သွေး / သား ) ထဲ
အရိုင်းဆန်ဆန် ဗီဇတွေ ကဆုန်ပေါက်နေရဲ့ …
( စကားမစပ် .. ကဆုန်လမှာ ပေါက်တာ .. ဘာပန်းပါလိမ့် .. )

“ ချိုးဖျက်ခွင့် ကင်းတဲ့ ငါ့ ဂီတအတွက်
ငါ့ တေးသွား .. ပန်းတစ်ပွင့် ဖြစ်စေ ”


သွေးနဲ့ ပျိုးတဲ့ပန်း
နင့် ပြဿာဒ်ထက် ၊ တလွင့်လွင့်
လွင့် ၊ လွင့် ၊ လွင့် ၊ လွင့် ၊ ပွင့်
ပွင့် ၊ ကြွေ
သြော်.. ဘာလိုလိုနဲ့
သည်တစ်နွေတောင် ကိုယ်ပူရှိန်မကျတော့ ..

မိခေတ်နွေ ..
နင့်ရဲ့ ပူလောင်ခြင်းတွေနဲ့ အေးမြစေခဲ့
မိ - ခေတ် - နွေ
နင့်ရဲ့ အေးမြခြင်းတွေနဲ့ ပူလောင်စေခဲ့
မျက်စိတမှိတ် ၊ ငါ့ ရင်တစ်ခြမ်း
ကျော / ဘက် / ကပ်
နောက်ကျောဘက်က ရင်ငွေ့
ရင် / ငွေ့ ၊ အလျှံငြီးရဲ့ ..

တွင်းဆုံးမကျသေးတဲံ ၊ ငါ့ မာန
နင့် ပန်းနုရောင် လက်သည်းခွံနဲ့ တွေ့
မှ ၊ ခြေသုတ်ပုဆိုး ( ကို ) ဖြစ်ရော ။
ကြယ်ရောင်ပျောက်တဲ့ နေ့
ရင်ငွေ့ခမ်းတဲ့ လိပ်ပြာ
ထယ်ဝါမှုတို့ ဆိတ်သုဉ်းရာ နန်းတော်
ထိုထိုသော ကျဆုံးခြင်း ( များ ) ထဲ
ငါ ၊ ငါ့ ၊ အိပ်မက်ဆိုးတို့
တစ်ခါပြန် ၊ နိုး ထ
နိုး-ထ / နိုး …………… ထ …

“ အသင်လောက ..
ထိုအိပ်မက်တို့ ကျဆုံးစေရန် အလို့ငှာ
ချစ်ခြင်းတရားတို့ဖြင့် သီကျူးအပ်သော
တေးတစ်ပုဒ် ပွင့်ထွန်းစေလော့ .. ”

“ တောက် …. ”
သေခြင်းဆိုးမလေး ..
နင်ခိုးယူသွားတဲ့ ငါ့ရင်ငွေ့တွေ ..
ပေး ၊ ပြန်ပေး
ပြန်ပေး ၊ ပေး ၊ ပေးစမ်းကွာ ..

ကြည့်စမ်း ..
လမင်းက တစစီ ပဲ့ကြွေနေလိုက်တာ
ဘုရားကျောင်းက ၊ ခေါင်းလောင်းအိုတောင်
သူ့ကြိုးနဲ့သူ ၊ ကြိုးဆွဲချရဲ့ ..
ခေါင်းလောင်းသံ ( ၁၂ ) ချက် ..
ကတုန်ကယင် ၊ ထွက်သက်

“ ဗင်းဆင့် ဗန်ဂိုး ရေ ..
ခင်ဗျား နားရွက်တစ်ဖက်တောင်
ပင်လယ်ကဗွီးပင်တွေကြား
စမ်းတဝါးဝါး ပြုံးနေပြီ .. ”

ကပ်ဆိုက်နေတဲ့ ၊ ငါ့ နှုတ်ခမ်းတွေ
အတွက် ၊ ဆေးတစ်ခွက်
ပေး ပါ .. ။
ခပ်ရင့်ရင့် ခြွေချခံလိုက်ရ
သော ၊ စီးကရက်ပြာ
မအူမလည် ၊ အူလည်လည်
လေနဲ့ အတူ ၊ လွင့် ၊ လွင့် ၊ လွင့် ၊ သွား ။




လူသေတစ်ယောက် ( ကောင် ) ရဲ့
အေးစက်ခြင်းမျိုးနဲ့
နင်ထားရစ်ခဲ့တဲ့ လွင်ပြင်ကျယ်ထဲ
ပိတ်လှောင်မွန်းနစ် ခဲ့ .. ။

အဝါရောင် မိုးစက်
အင်းလျားကန် တေးသွား
အိပ်တန်းမဲ့ နှလုံးသား
မှောင်အက်အက် ဘူတာရုံ
ကားလမ်းမထက်မှ ခေါက်ရိုးကျိုး လက်ကိုင်ပုဝါ
( နင့် ) သွားတက်ကြားမှ ၊ ( ငါ့ ) ပန်းနုရောင်
ကိုငှက်ကြီး ရဲ့ ကြယ်တွေ စုံတဲ့ည
လွမ်း ၊ လွမ်း ၊ လွမ်း ၊ လွမ်းတယ် ။
ငါ ဆိုတာ ၊ နင့် ပြက္ခဒိန်ထဲက ပြဿဒါးတစ်ရက် ။

ဘာမှ မလုပ်ဘူး ..
ငါ ၊ ဘာမှ မလုပ်ဘူး ..
“ ဘာမှ မလုပ်သူသည် သူတောင်းစား လုပ်ရသည် ။ ”
တဲ့ .. ။
ငါ ဘာမှ မလုပ်ချင်ဘူး ..
( သူတောင်းစားလည်း မလုပ်ချင်ဘူး .. )
ဒီတော့ ..
မင်းကို ချစ်တဲ့ အလုပ်လုပ်မယ် ..
( သူတောင်းစား မလုပ်ချင်လို့ ချစ်တာမဟုတ် ..
ချစ်နေချင်လို့ .. သူတောင်းစား မလုပ်တာ .. )

မိုး ၊ မိုး ၊ မိုး
နွေယောင်ဆောင်တဲ့ မိုး
ရှစ်မိုင်တဝိုက် စီးမျောသွားတဲ့ မိုးစက်တွေ
ထဲ ၊ ငါ့ မျက်ရည်တွေ ရော / နှော
အရောရော / အနှောနှော
အဲသည့် ငြင်းဆိုခြင်း ဖိတ်စာပေါ်
သက္ကလပ်ပန်း အနက်ရောင် ၊ တံဆိပ်ကပ်
တစ်ယောက်တည်း ငိုနေလိုက်တယ် ..။
ညဥ့်ငှက်တွေတောင် တိတ် / ဆိတ် .. ။

“ မျှော်လင့်ခြင်း ကွင်းပြင်
မှောင်ရီပတ်ကြားအက်
ငါတစ်ယောက်တည်း ၊ လင်းတယ် ”

မျှော်ရုံသက်သက် ၊ လွမ်းခဲ့တာဆို
လင့်စင်ထိုးပြီး ၊ တခမ်းတနား လွမ်းမယ်
ခြင်းကြားနဲ့ ခပ်တဲ့ရေ ၊ တစ်ပေါက်စီ
ရှောင်ကွင်းပြီး ၊ စိမ့် ၊ စိမ့် ၊ စိမ့် ၊ စိမ့် တယ် .. ။
ပြင်ဆင်မရတော့တဲ့ ဒုက္ခတွေ ၊ တနင့်တပိုး .. ။

မှောင်လွန်းမက ၊ အမှောင်
ရီဝေဝေနဲ့ ကို ၊ မှောင်တယ် ..
ပတ်သက်မှု ရှိ/ မရှိ ၊ မ / သေချာ
ကြားလိုက်ရတဲ့ အသံတချို့
အက်ကွဲစ ညနေခင်းတောင် .. ပြေး / ထွက် / လွင့် / သက် ။

ငါ မပါတဲ့ ..
တစ်ခုတည်းသော ဆောင်းရာသီ
ယောက်ယက်ခတ် နံနက်ခင်းတွေ
တည်းခိုစရာ ကမ်းပါး လိုက်ရှာ ကြ
လင်းလဲ့လဲ့ မြူခိုးက ၊ ပြုံးတယ် ..
လဲ / ပြို ခဲ့သော ထိုတစ်ဆောင်းအတွက် .. ။



‘ တမာန်တော် မသိလိုက်တဲ့
ငါ့ ရင်ဘတ်
အချိန်မတိုင်မီ ရိတ်သိမ်းခဲ့တယ် ။ ’

တချို့တလေက ပြောရဲ့
မာန်မာန ကင်းတဲ့ ပင်လယ်မှာ
တော်လဲသံ မပေးဘဲ
မ - ပေး - ဘဲ
သိရက်နဲ့ ကူးတယ် .. တဲ့
လိုက်လို့ကို မမီတော့ဘူး
တဲ့ ( ဒဲ့ ) တိုး ( ဒိုး ) သာ ပြော
ငါ့ ပင်လယ် - ဟာ / ဆိုတာ
ရင်ခွင် ပုတ်ပြီး
ဘတ် / ဘတ် / ဘတ် / ဘက် / ဘက်မလိုက်ဘူး .. ။

အစွန်းရောက်ဝါဒီ
ချိန်ခွင်လျှာတောင် တဖက်စောင်းနင်းကို ဖြစ်ရော
မဖြစ် ၊ ဖြစ် ၊ ဖြစ် ၊ ဖြစ်ဖြစ် မဖြစ်ဖြစ်
တိုင်ကပ်နာရီကြားမှ ထိုးထွက်လာသော
မီလုမီခင် ငှက်တစ်ကောင် ။

ရိတ်သိမ်းထားခဲ့
သိမ်းဆည်းထားခဲ့
ခဲ့ ၊ ခဲ့ ၊ ခဲ့တယ် ။
နွေ ….. နင်ဟာလေ ..
တယ်လည်း အလိုက်မသိတဲ့ နတ်ဆိုးတစ်ပါးလိုပဲ ..

‘ အသည်းကွဲ ညနေရီ
ရှိုက်သံတစ်ဝက် ဆည်းဆာနဲ့
နင်မပါတဲ့ ထိုတစ်ညနေ ’

အစိုးမရတဲ့ မိုး
သည်းမိုက်မိုက် ရွာ ..
ကွဲအက်စပြုနေတဲ့
ညနက် ဂစ်တာ
နေနှစ်စင်းနဲ့ လင်းတဲ့ ကောင်းကင်
ရီဝေေ၀ ကျိန်စာသံကြားမှ
ရှိုက်တနင့်နင့် ၊ ငို ၊ ငို ၊ ငို ၊ မိ
သံသေတာတောင် ပြဒါးမဖြစ်တဲ့ ကောင်
တစ်ကောင်တည်းနေ ၊ တစ်ကောင်တည်း သေ လိုက်တော့ ..
ဝက်သစ်ချပင်အောက်က
ဆည်းလည်းသံ အီနွဲ့နွဲ့
ဆာလောင် မွတ်သိပ်ခြင်းတွေ .. အပြည့်
နဲ့ ၊ ငါ့ နောက်ကျော ဓားနဲ့ထိုးလား ( ထိုးရဲ့ )
နင် / ငါ / နောက်ကျောဘက်က ဓားတစ်စင်း
မဖြစ်တော့ ၊ မ … ဖြစ် … တော့ …
ပါရမီဆယ်ပါး မဖြည့်နိုင်တော့
တဲ့ ၊ ငါ့ ခန္ဓာ ပုပ်အဲ့အဲ့
ထိုထိုသော ညနေခင်းတွင်
တစ်ဘ၀စာ လဲမှောင်ခဲ့
ညအလင်းနဲ့ ထင်းတဲ့ ကောင်းကင်
နေမထွက်လည်း လင်းတောက်ကျော့ရှင်းခဲ့ …

“ ငါ ပျော်မွေ့ရာ အစုတို့သည်
ထို စစ်ပွဲအတွက် ဓားတစ်စင်း ဖြစ်စေ ”






ငါ မည်သော ငါ ၏
ပျော်စံရာ ကောင်းကင်တော်၌
မွေ့ယာထက်မှ ၊ မျက်ရည်တစ်စက်
ရာထောင်ချီ ၊ နင့် ကိုယ်သင်းနံ့
အပြစ်မဲ့ ရင်ဘတ် တစ်စုံ ( နှစ်ခု )
စု ၊ စု ၊ စုတေကုန်၏ ။
တို့ထိ၍ မရနိုင်သော ထိုကိုယ်သင်းနံ့
သည်တစ်ညတော့ ဆွတ်ပျံ့ဦးမယ် ။
ထို တစ်ညခင်းတွင်
စစ်ကြေငြာသံ ကြားမိ ၊ မိ ၊ မိ ၊ မိ ။
ပွဲတော်တစ်ရပ် ကျင်းပ ( ကြ ) စို့
အသူရာကမ်းပါးထက်မှာလေ ။
တွက်ချက်စရာ မလိုဘူး ။
ဓားသွားထက်က မျက်ရည်စက် …
တစ်ဆို့ ကြေကွဲနေမှာ ( အမှန် ) ပဲ ။
စင်းလုံးချော အရုဏ်ဦးတွင် ..
ဖြစ်တည်မှု ၀ါဒီတို့ ..
စေညွှန်းဖွဲ့သီ ၊ ဆောင်းငွေ့ဝေသည် ။

“ အဆိပ်ခွက်ထဲက လမင်း
ပြာနှမ်းနှမ်း လင်းတယ် ”

အဆုံးမဲ့ မျှော်လင့်ချက်တွေ
ဆိပ်ကမ်းနဲ့ ၀င်တိုက် / ၀င် - တိုက်
ခွက်ထိုးခွက်လဲ ပျက်သုဉ်းတယ် ။
ထဲထဲဝင်ဝင် ကြည့်မိတော့ ..
ကကြိုးဗိမာန်ထက် က ..
လ တစ်စင်း အဆိပ်မိနေရဲ့ ။
မင်း ၊ မင်း ၊ မင်း ခတ်လိုက်တဲ့ အဆိပ် …
ပြာရီဝေစူး ၊ စူး ၊ စူး ခဲ့ ပေါ့ .. ။
နှမ်းတစ်စေ့ နဲ့ ဆီမဖြစ်ရင်
နှမ်းနှစ်စေ့နဲ့လည်း သိပ်မထူးလောက်ပါဘူး .. ။
လင်းလင်းရှင်းရှင်းနဲ့ကို ၊ အဆိပ်မိ
တယ် ။ အဲသည့် အပြာရောင် လမင်းပေါ့ … ။

“ ဘယ်ဘက်က ချစ်သူရဲ့ လက်
ညာဘက်က ၀ိုင်တစ်ခွက်နဲ့
အိပ်မက်ဆိုးတွေကို သုတ်သင်မယ် ”

ဘယ်ခြေ စလှမ်းတော့
ဘက်မညီတဲ့ အစွန်းတစ်ဖက် ပြိုကျတယ် .. ။
ကသောကမျောပါပဲ ..
ချစ်ခြင်းရဲ့ ကုန်းမြေပေါ် လှမ်းတက် ..
သူမ သွားတက်လေးတွေ
ရဲ့ ၊ လျှို့ဝှက်ချက် ..
လက်တွေ့ကျကျ တူးဖော်မိပေါ့ .. ။
ညာခြေ ထပ်လှမ်းတော့
ဘက်မညီတဲ့ အစွန်းတစ်ဖက် ထပ်ပြိုတယ် … ။
ကသောကမျောပါပဲ ..
ဝိုင်ခွက်ထဲက ဘယ်ရီသီးကို
တစ်တစ်ခွခွ ဆဲပေးလိုက်တယ် .. ။
ခွက်လေးက ရှုံ့ / မဲ့
နဲ့ နေ တဲ့ သူ့မာနကို
အိပ်ယာထက်မှာ ချိုးဖဲ့နေတာ တွေ့ မိ .. ။
မက်လောက်စရာ မရှိပါဘူး .. ။
ဆိုးသွမ်းမှုတွေနဲ့ လှနေတဲ့ လောက ..
တွေဝေစရာ မလိုဘဲ နင်းလျှောက်နိုင်တယ် .. ။
ကိုအမည်မဲ့ ရေ … ခင်ဗျားရဲ့ ကစင့်ကလျား က
သုတ်ခြေတင်နေတဲ့ ကျုပ်အတ္တတွေ ..
သင်ပုန်းကြေစေတယ် .. ။
မယ်မယ်ရရ မရှိတဲ့ ဇာတ်သိမ်းတစ်ပုဒ်လို … ။

“ ငါးတွေက သွေးအေးတယ်
နင်ပြောသလိုဆို
ငါက သွေးဆူလွယ်တဲ့ ငါးတစ်ကောင် ”

ငါးဆိုတဲ့ သတ္တ၀ါ
တွေဝေ / မိန်းမော
ကစင့်ကလျား / ကူးခတ်
သွေးသားထဲ ဗီဇတွေ ရောယှက်
အေးစက်စက်နဲ့ ပြုံး
တယ် ။ ငါလည်း ငါးတစ်ကောင် ။
နင် / ငါ / ငါးတစ်ကောင်ရဲ့ သွေးအေးမှု ..
ပြောလိုက်စမ်းပါ … ။
သဘာဝ မကျတဲ့ သဘာဝ ဆိုတာကြီးကို ..
လိုအပ်ချက်တွေ ပြည့်နေတဲ့
ဆိုလိုတစ်ပိုဒ်လို
ငါ ဆိုတဲ့ ကောင်က တစ်ဝက်တစ်ပျက်
ကကြိုးဆင်ဖို့ ကြိုးစားနေတုန်း ..
သွေးစိမ့်ယိုအက်နေတဲ့ ဂစ်တာတစ်လက်
ဆူလွယ်နပ်လွယ် ရင်ဘတ်အဟောင်းနဲ့
လွယ်လင့်တကူ တီးခတ်
တဲ့ ၊ မည်ကာမတ္တ တေးသွား
ကောင်မလေး ….. နင် ဟာ ငါ့ တေးသွားရဲ့ ဆိုလိုတစ်ပိုဒ် … ။

“ လှိုင်းမရှိတဲ့ ပင်လယ်
ကမ်းဝေးလှောင်အိမ်
နင်မပါတဲ့ ငါ
အထီးကျန်နေတုန်းပဲ ”

လှိုင်းလုံးတွေ တလိမ့်လိမ့်
မလိမ့်တပတ်နဲ့ ၊ ကမ်းစပ်ကို ရိုက်ခတ်
ရှိပြီးသား သံယောဇဉ်တွေထဲ … နင် .. မပါ
တဲ့ .. ပြဇာတ်တစ်ပုဒ် ကမယ် .. ။
ပင်ပန်းတယ်ကွာ .. ။
လယ်မထွန်လို့ နွားမမေ့ဘူး ။
ကမ်းစပ်မြင်တိုင်း နင်ဆိုတဲ့ လှိုင်းကို လွမ်းတယ် ။
ဝေးနေရတဲ့ အချိန်တွေ
လှောင်ပိတ်မူးနင့် နေတဲ့ ညတွေ
အိမ်ပြန်ချိန်တောင် ယိုင်ထိုးခဲ့ပေါ့ … ။
နင်နဲ့ တွေ့တိုင်း ..
မထိန်းချုပ်နိုင်တဲ့ ခံစားချက်တွေ
ပါဝင်မှုမဲ့ ၊ ကန့်သတ်မှုမဲ့
တဲ့ ၊ ကိန်းဂဏန်းတချို့
ငါလေ ၊ အဖြေမရှိတဲ့ ပုစ္ဆာတစ်ပုဒ် တွက်မိတယ် ။
အမြဲတမ်း ရှုံးတတ်တဲ့ ကောင်
ထီးတစ်လက်လို ၊ နင့်ကို မိုးပေးချင်ခဲ့တာ ( နင် သိလား )
ကျန်ရစ်သူတစ်ယောက်ရဲ့ ရင်ဘတ်ထဲ
နေကြည့်စမ်းပါ ။ ငါ .. ကြယ်တွေ ရေနေ
တုန်း ၊ အ၀ါရောင်ဗီးနပ်စ် က နှစ်သိမ့်တယ် ။
ပဲကြီးရည် မသောက်ချင်နဲ့ တဲ့ … ။ ( ငါက အဲ့လိုကောင်လေ )




“ ငါကိုက အမှတ်မရှိတာ
နောက်ကျောကို နှစ်ကြိမ်
ဓားထိုးခံရတာတောင် မသေနိုင်ဘူး ”




ငါ သေသင့်တာ ကြာပြီလေ ..
ကိုသဲမိုးရေ … ခင်ဗျားရဲ့ နတ်ပျိုမ
ကကြိုးဆန်းတွေ မထွင်ခိုင်းနဲ့တော့ .. ။
အသစ်တဖန် မဖြစ်တည်နိုင်တော့တဲ့
မှတ်ဥာဏ်မဲ့ ဦးခေါင်းခွံတစ်လုံး
မရှိ ၊ မရှိ ၊ မရှိခဲ့
ရှိ / မရှိ ၊ မသေချာပေမယ့်
တာထွက်ကတည်းက
နောက်ကျကျန်ခဲ့တာလေ … ( ငါက အဲ့လိုကောင်ပေါ့ )
ကျောဘက်က ဒဏ်ရာစမ်းမိမှ
ကိုရုပ်သေးရဲ့ ကော်ဖီလက်ချောင်းလို
နှစ်ဘ၀စာ ၊ ပြုတ်ထွက်ကုန်တယ် … ။
ကြိမ်နှုန်းမဲ့ လေဖိအားအောက်
ဓားသွားထက်က ကျောရိုးဆစ်တွေ
ထိုးထွင်းသိမြင်ခဲ့ပေါ့ … ။
ခံရပါ များတော့လည်း
ရထားအိုဆီက ဥသြဆွဲသံလို
တာရာ မလင်းတဲ့ ကောင်းကင်ထက်
တောင်တန်းတစ်ဆုပ် ၊ ဖွဖွအုပ်ချင်ရဲ့
မဆက်ဝံ့တဲ့ ဖုန်းနံပတ်ကို
သေအောင်ထိုင်ကြည့် .. ။
နိုင်ထက်စီးနင်း ကံကြမ္မာကို
ဘူးကွယ်ငြင်းပြီး .. ကန်ကျောက်လိုက်တယ် … ။

“ မြင်းရိုင်းတစ်ကောင်
ဆူးပန်းတစ်ခက်နဲ့
( ငါ ) မင်းဆီလာမယ် ချစ်သူ ”

ဆုတ်ချည် / မြုပ်ချည်
လက်တစ်ဖျစ်စာ အင်အားနဲ့
ငါ … ထွက်ခဲ့တယ် ။
ထွက်သက်နဲ့ ၀င်သက်
စုန်ဆန် တိုးညှင်း ..
အဲသည့် တိမ်ညွန့်တွေ တောက်လင်းခဲ့ .. ။
ဒဏ္ဍာရီထဲက နိုက် ( KNIGHT ) သူရဲကောင်းလို
ငါ့ လည်ပင်းသွေး ၊ မြေခ
တစစီ ပြန့်ကျဲ / ကျဲပြန့်
မမီမကမ်း ပြိုလဲသွားတဲ့ ခွန်အားတွေ
ဓားရိုးထက် မှေးထောက်ထားခဲ့ရ .. ။
ဒီလိုနဲ့ …..
ငါ့ အင်ပါယာ နေ၀င်ခဲ့ပေါ့ ….

“ ဖီးနစ်ငှက်လို နုပျိုဖို့
ငါ မီးပုံထဲ ခုန်ဆင်းခဲ့တယ် ”

ဖီးနစ်ငှက်ရဲ့ ဒဏ္ဍာရီ
နစ်ရှေးရဲ့ ၀ါဒ
ငှက်တစ်ကောင် အသွင်ပြောင်
လိုရမည်ရ မီးဖိုထားတယ် .. ။
နုနယ်တဲ့ မီးညွန့်တွေ
ပျိုရွယ်စင် မီးတောက်တွေ
ဖို့သတ်ချင်စရာ နတ်ဘီလူးမလေး
ငါလေ ၊ မျက်စိစုံမှိတ် .. ခုန် - ဆင်း
မီးသင့်သွားသော .. ထိုကြမ်းပြင်ထက်
ပုံလဲ ၊ ကျွမ်းလောင်
ထဲထဲဝင်ဝင် ၊ လောင်ကျွမ်း ၊ လဲပုံခဲ့
ခုန်ဆင်းခဲ့သော … ဆင်းသက်ခဲ့သော
ခဲ့ ၊ ခဲ့ ၊ ခဲ့သော … ငါသည် .. အစိမ်းလိုက် မီးသင့်ခဲ့
တယ် ။
ဖီးနစ်ငှက်မလေး ရေ ..
ငါ ပြန်လည်နုပျိုလာပြီလေ ..
လာလော့
နုပျိုသစ်လွင်သော ငါ၏
ရင်ခွင်ဟောင်းအတွင်း
ပြန်လည် ခိုဝင်လှည့်လော့ ….

ရေသောက်မြစ် မပါသော သစ်ပင်
မသေချာ ၊ သေသေချာချာ
ရှိနေရဲ့ …
ခွေ ၊ ခေါက် ၊ ပြို ၊ လဲ
ခွက်လွတ်တစ်လုံး … ကြည့်နေရုံနဲ့
ရေငတ်မပြေနိုင်
လေပြည်ရယ် .. မင်းချည်တဲ့ကြိုး
ငါ့လည်ပင်းမှာ ရစ်ပတ်နွယ်ငင်
နယ်ရုပ်တစ်ရုပ်လို .. လွယ်လင့်တကူ အစားခံလိုက်ရတယ် .. ။
ဖြည့်ဆည်းလို့ မရသော ကွက်လပ်
ထားရစ် / မေ့လျော့ - ခံ ၊ နယ်ရုပ်
ဒီတစ်ပွဲလည်း ..
အဖြူအမည်း မသဲကွဲဘဲ ၊ ကျရှုံးပြန်ပြီ …. ။

အခုရေးတဲ့ ကဗျာ
အရင် ကဗျာတွေလိုပဲ
အချစ်နဲ့ စ ၊ အလွမ်းနဲ့ ဆုံး
အလွမ်းနဲ့ စ ၊ အချစ်နဲ့ ဆုံး
အချစ် ၊ အလွမ်း ၊ ချစ် ချစ် ချစ် ၊ လွမ်း လွမ်း လွမ်း
ဓာတ်ပြားသံ တဂျစ်ဂျစ် မြည်တယ် .. ။
ရေးရင်း ၊ ရေးရင်း ၊ ရေးရင်း
ငါ့ကဗျာတွေ ၊ ငါ့ ၀ါဒတွေ ၊ ငါ့ သရတွေ ၊ ငါ့ ဖြစ်တည်မှုတွေ
ငါ၌ မရှိသော နင့် သွားတက်လေးတွေ
ငါ မပိုင်ဆိုင်သော နင့် ကိုယ်သင်းနံ့တွေ
ငါ ဆွဲခဲ့ဖူးသော နင့် နားရွက်လေး ..
အားလုံး ..
အား …………. လုံး …
ထစ်
ထစ်
ထစ်
ထစ် - နေ - လို့ …
လေတယ် …
စလုံးနဲ့ စတဲ့ ကဗျာ
ဆလိမ် နဲ့ ဆုံးမယ် ..

“ ဤကဗျာကို မကြိုက်လျှင်
ကျွန်တော့်ကို ဆဲပါ ..
( မတော်တဆ )
ကြိုက်မိသွားလျှင်
ခင်ဗျားကိုယ် ခင်ဗျား ပြန်ဆဲပါ .. ”

0 မှတ်ချက်များ:

Post a Comment