အဲ့သည့်နေ့က ကျနော့်ရင်ဘတ်တို့ ဖြူလွှလွှ နံနက်ခင်းအောက် စွတ်စိုစွာ လန်းပွင့်လျက်။ ယခင်က ဟောင်းနွမ်းခဲ့သော ရော်ရွက်ဝါတို့သည်ပင် အိနြေ္ဒရှိစွာ လှဲလျောင်းနေသယောင်။ လေပြည်တစ်သုတ်က ဘာရယ်မဟုတ်။ ကျနော့် နဖူးစပ်ကို ရှပ်တိုက်သည်။ ဘာမှ မထူးခြားသော သာမန်နံနက်ခင်းတစ်ခုသည် ထူးခြားစွာ လှပနေ၏ ။
ကျနော့်အတွက် အဲ့သည့်နေ့သည် ဗန်ဂိုး၏ နားရွက်တစ်ဘက်ဖြစ်သည်။ ကျနော့်အတွက် အဲ့သည့်နေ့သည် နီရိုးဘုရင်၏ တယောသံဖြစ်သည်။ ကျနော့်အတွက် အဲ့သည့်နေ့သည် အီဖဲလ်မျှော်စင်ထက်မှ ပန်းတစ်ပွင့်ဖြစ်သည်။ ကျနော့်အတွက် အဲ့သည့်နေ့သည် ချစ်သူထံမှ အဖြေရမည့်နေ့ဖြစ်သည်။ ကျနော်ချစ်သော မိန်းမပျိုက ကျနော့်အတွက် ချစ်အဖြေပေးမည့်နေ့။ ထိုနေ့သည် ကျနော်နှင့် သူမတို့ အတူလျှောက်လှမ်းမည့် ဘ၀ခရီး၏ ပထမဆုံး ခြေလှမ်းလည်း ဖြစ်သည်။ ထို့ကြောင့် ကျနော့်စိတ်အစဉ်တို့ သူမနှင့် စတွေ့ခဲ့သည့် ညတစ်ညဆီ ပြန်လည်လွင့်မျောနေမိသည်။
ထိုညက သူမနှင့် ကျနော် စတင်တွေ့ခဲ့သည်။ မျက်နှာချင်းဆိုင် ဆုံတွေ့ခဲ့ခြင်းတော့ မဟုတ်။ အင်တာနက် အွန်လိုင်းကွန်ယက်မှ တဆင့် ဆုံစည်းခဲ့ခြင်း ဖြစ်သည်။ ကျနော်က ညဘက် သိပ်မအိပ်တတ်။ အွန်လိုင်းတက်ပြီး Chatting ၀င်လျှင်ဝင် ၊ ဖိုရမ်မှာ ဟိုရေးဒီရေး ရေး ၊ ဒါမှမဟုတ် ဂိမ်းဆော့ချင် ဆော့နေတတ်သူ။
ထိုညက ကျနော့် Gtalk Account သို့ Invitation တစ်ခုဝင်လာသည်။ နာမည်ကြည့်လိုက်တော့ loveghost@gmail.com ။ ကျနော့်အကျင့်က သိသိ မသိသိ ၊ ကိုယ့်ကို Invite လုပ်လျှင် Accept လုပ်တတ်သည်။ ထုံးစံအတိုင်း Yes ကို ရွေးပြီး Click ပေးလိုက်သည်။ ထိုညက မှတ်မှတ်ရရ ဇန်န၀ါရီ လေးရက် ( လွတ်လပ်ရေးနေ့ ) ။ အချိန်က ည ၁၁း၃၀ ခန့် ။ Monitor Screen ပေါ်တွင် Chat Box တစ်ခုဝင်လာသည်။ နာမည်ကြည့်တော့ loveghost@ ။
*love: Hi !
*me: Hi !
*love: asl plz
*me: 23 m ygn, n u ?
*love: 25 f ygn
*me: aww … I see … btw , Can u type in MM font ?
*love: Yeah !
*me: Ok … နာမည်သိပါရစေဗျ ..
*love: မိုး လို့ပဲ မှတ်ထားပေါ့ .. ယူ့နာမည်ကရော ..
*me: ဆူးခက်မင်း ပါ ..
*love: Wow !!! မိုက်တယ် .. ယူ့နာမည်က ..
*me: thz ပါ ..
*love: မုန့်ကျွေးလေ .. ဒီလောက် မြှောက်ပြောထားတာကို ..
*me:း) .. နောက်ကြုံရင်ပေါ့ ..
*love: OK .. ကတိနော် ..
*me: ကတိပါဗျာ ..
*love: မိုး အိပ်တော့မယ် .. နောက်နေ့မှ တွေ့တာပေါ့ .. ညပိုင်း ရှိတယ် ဟုတ် ..
*me: ရှိပါ့ဗျား ..
*love: OK .. see ya .. bye
*me: bye .. good night !
***** loveghost@gmail.com is offline.
( ၅.၁.၂၀၀၉ )
ထိုညက မိုးချို ၊ သဲမိုး ၊ ဗလာ ၊ ရုပ်သေး ဟူသည့် ကျနော့်သူငယ်ချင်းများနှင့် ကဗျာအကြောင်း ဆွေးနွေးရင်း ငြင်းခုံရင်း ညဉ့်အတော်နက်သွားသည်။ အိမ်ပြန်ရောက်တော့ အရင်ဆုံးလုပ်မိတာက ကော်ဖီတစ်ခွက်ဖျော်ပြီး Computer ရှေ့ ထိုင်ခြင်းဖြစ်သည်။ Gtalk ၀င်လိုက်တော့ Chat Box တစ်ခုက ပွင့်လာသည်။ Offline Message ပို့ထားခြင်းဖြစ်သည်။
*love: ဟိတ် .. လာမယ်ပြောပြီး ဘာလို့မလာတာလဲ .. ကတိမတည်ဘူး
*me:း) .. ကတိမတည်တာမဟုတ်ပါဘူးဗျာ .. သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင်မှာ စကားကောင်းနေလို့ပါ ..
*love: မသိဘူး .. စိတ်ဆိုးတယ် .. တကယ် .. မိုး စောင့်နေတာကြာလှပြီ ..
*me: ဘာလုပ်ဖို့ မိုးစောင့်နေတာလဲ .. ပျိုးကြဲဖို့လား ..းP
*love: ဟား .. တော်ပြီကွာ .. မခေါ်တော့ဘူး ..
*me: ရော် .. စတာပါဗျာ .. စိတ်ကလည်း ကြီးပါ့ ..
*love: မသိဘူး .. စိတ်ဆိုးပြေအောင် ပြန်ချော့ .. ဒါပဲ ..
*me:း) .. ဟုတ်ပါပြီဗျာ .. ဘယ်လိုချော့ရမှာလဲ .. ပြော
*love: ဒီညက စပြီး တစ်ညကို သီချင်းတစ်ပုဒ် ပို့ပေးရမယ် ..
*me: အိုကေ .. စိတ်ချ .. ပို့ပေးမယ် .. ညတိုင်း ပို့ပေးမယ် .. စိတ်မဆိုးနဲ့တော့နော် ..
*love: ကတိမဖျက်ကြေးနော် ..
*me: အင်းပါ ..း)
ထိုသို့ဖြင့် သူမက စိတ်ဆိုး၍ ကျနော်က ချော့ခဲ့ရသည်။ ထိုသို့ဖြင့် သူမထံ ညစဉ် သီချင်းတစ်ပုဒ်ကျ ရွှေနားတော်သွင်းခဲ့ရသည်။ ထိုသို့ဖြင့် သူမနှင့် ကျနော် ညလုံးပေါက် voice call ဖြင့် စကားပြောခဲ့ကြသည်။ ထိုသို့ဖြင့် သူမနှင့် ကျနော် ဓာတ်ပုံများ အပြန်အလှန် ပို့ခဲ့ကြသည်။ ထိုသို့ဖြင့် သူမကို ချစ်သည့်အကြောင်း ဖွင့်ပြောခဲ့သည်။ သူမက ကျနော့်မွေးနေ့တွင် အဖြေပေးမည်ဟု ကတိပြုခဲ့သည်။ ထိုသို့ဖြင့် ……. ။
(၂၀.၁.၂၀၀၉ )
ထိုနေ့သည် ကျနော့်မွေးနေ့ဖြစ်သည်။ ထို့အတူ သူမထံမှ အဖြေရမည့်နေ့လည်း ဖြစ်သည်။ သူမနှင့် ချိန်းဆိုထားရာ လှည်းတန်း ကားမှတ်တိုင်တွင် ရပ်စောင့်နေစဉ်လည်း ဖြစ်သည်။ နာရီလက်တံတို့က နှေးကွေးလွန်းသယောင်။ စိတ်တို့က ရင်ခုန်နှုန်းနှင့် စည်းချက်လိုက်၍ ကစင့်ကလျား ။ စီးကရက်သောက်ရန် နှုတ်ခမ်းတွင် အတေ့ ၊ ကျနော့် ဘယ်ဘက်ရင်အုံတွင်းမှ ဒိတ် ခနဲ တစ်ချက်ခုန်၏ ။ ဟိုဘက်ကားလမ်း ပလက်ဖောင်းတွင် ကျနော့်ကို လက်လှမ်းပြနေသော သူမ။ တနည်းဆိုရလျှင် ကျနော်ချစ်သော မိန်းမပျို။ ခရမ်းနုရောင် ပါတိတ်ဝမ်းဆက်ဖြင့် ကျနော့် နတ်သမီး။ ဖြူလွှလွှ နံနက်ခင်းတွင် အရာအားလုံး ပြီးပြည့်စုံ၏။ နှုတ်ခမ်းတွင် တေ့ထားသော စီးကရက်ကို မီးမညှိတော့ပဲ သူမထံသွားရန် ခြေအလှမ်း ၊ မထင်မှတ်သော ဖြစ်ရပ်က ဆီးကြိုသည်။ သူမနှင့် ကျနော့်ကြား ကားလမ်း အလယ်ရှိ ကလေးတစ်ယောက်က သူမရှိရာ ပလက်ဖောင်းဆီဘက် လှမ်းအပြေး ။ အရှိန်ဖြင့် မောင်းလာသည့် ကားတစ်စီးက ကလေးကို မတိုက်မိစေရန် စတီယာရင်ကို ဆွဲအကွေ့။ အရှိန်မထိန်းနိုင်သော ကား၏ ဦးတည်ရာက ကျနော်ချစ်သော မိန်းမပျိုဆီသို့ တည့်မတ်စွာ။ ကျနော့် မျက်လုံးအစုံတို့ ပြာဝေသွားသည်။ ကျနော့် ဖြူလွှလွှ နံနက်ခင်းကို အနီရောင် သွေးစွက်တို့ စွန်းထင်းစေ၏။ ပတ်ဝန်းကျင် တစ်ခုလုံး ရုတ်ရုတ်သဲသဲ။ ကျနော် ဥဒဟို သွားလာနေသော ကားများကို ဂရုမစိုက်ပဲ သူမရှိရာဆီ အားကုန်ပြေးသည်။ သွေးအိုင်ထဲတွင် လဲကျနေသော သူမအနားတွင် ဒူးထောက်၊ နာကျင်မှု အရှိန်ဖြင့် လဲကျနေသော သူမကို ပွေ့ထူမိတော့ သူမ၏ ဆံနွယ်စရှိ ပျစ်ချွဲချွဲ သွေးရည်တို့က ကျနော့် ဘယ်ဘက်လက်မောင်းတွင် စွန်းပေသည်။ သူမ၏ ရင်ညွန့်ရှိ အသည်းကွဲပုံ လော့ကက်သီးလေး သွေးတစ်စက်စက်ကျနေပုံမှာ သူမ၏ နှလုံးသွေးဟု ထင်မှတ်မှားစဖွယ်။
` မိုး ´
ကျနော် အသံကုန် အော်မိသည်။ သူမက ကျနော့် မျက်ရည်စများကို သုတ်ပေးရင်း ပြုံးပြသည်။ ကျနော့် မျက်ရည်စများနှင့် သူမ၏ သွေးစက်တို့ မကွဲပြားတော့။ သူမက အောက်နှုတ်ခမ်းကို ကိုက်၍ အားယူရင်း စကားတစ်ခွန်းကို မပီဝိုးတ၀ါးပြောသည်။
` မောင် .. အ … မောင့်ကို … မောင့် ……. ကို .. ´
စကားပင် မဆုံးလိုက်။ သူမ မျက်နှာက ကျနော့် ဘယ်ဘက်ရင်အုံသို့လာအပ်သည်။ သွားပြီ ။ ကျနော့် တိမ်တိုက်တို့ ပြိုကွဲကုန်ပြီ။ မျှော်လင့်ခြင်း အိပ်မက်တို့ တစ်စစီ။ အောက်နှုတ်ခမ်း ပြတ်ထွက်လုမတတ် အံကြိတ်ရင်း သူမ၏ နဖူးပြင်ကို ငုံ့နမ်းမိသည်။ ကံတရားရယ် … မင်း ငါ့အတွက် ရည်စူးခဲ့တဲ့ မွေးနေ့လက်ဆောင်က အမှတ်တရပါပဲကွာ ..။ တစ်ဘ၀လုံးစာ မမေ့နိုင်လောက်ရဲ့ ..။ ငါ့ ရင်ဘတ် တစ်ခုလုံးနဲ့ ရင်းပြီး ရတဲ့ လက်ဆောင် .. ။ ငါ အမြတ်တနိုး သိမ်းထားပါ့မယ်ကွာ.. ။
ထိုနေ့က ကျနော့်နံနက်ခင်းတွင် အနီရင့်ရောင် အနိဌာရုံ တချို့ ဖုံးလွှမ်း၏။
( တစ်ပတ်ခန့် အကြာ )
ထိုဖြစ်ရပ်များ ဖြစ်ပြီး တစ်ပတ်လုံးလုံး ကျနော် Computer ရှေ့ မထိုင်ဖြစ်။ အွန်လိုင်း မတက်ဖြစ်။ သူမကို လွမ်းသည့်စိတ် ၊ ကံတရားကို မုန်းတီးသော စိတ်ဖြင့် ကျနော့် နေ့စွဲများကို တိတိတဆိတ် ဆုတ်ဖြဲခဲ့သည်။
ယနေ့ညတော့ ကျနော့် စိတ်အစုံက Computer ဖွင့်ရန် အမိန့်ပေးနေသည်။ သတိလက်လွတ်သူလို Computer ရှေ့တွင် ထိုင်ရင်း သီချင်းဖွင့် နားထောင်နေမိသည်။ သီချင်းက ကျနော့်မွေးနေ့မတိုင်ခင် သူမထံ နောက်ဆုံးပို့ပေးခဲ့သော မျိုးကြီး၏ တစ္ဆေ သီချင်း။ သူမ၏ ဓာတ်ပုံကို Desktop Background အဖြစ်သုံးထားသော Monitor Screen ကို စိုက်ကြည့်ရင်း Mail မစစ်ဖြစ်တာ ကြာပြီပဲ ဟု သတိရကာ Gmail Account တွင်းသို့ ၀င်လိုက်သည်။ Inbox တွင် မြင်လိုက်ရသည်က loveghost@gmail.com နာမည်ဖြင့် ပို့ထားသော mail များ ။ ဇန်န၀ါရီ ၂၀ ရက်နေ့မှ စပြီး ၂၆ ရက် ( မနေ့ည ) အထိ ပို့ထားသော စာများ။ ယနေ့က ၂၇ ရက်နေ့ဖြစ်သည်။ စာများ အားလုံးတွင် တူညီသော အချက်က စာတစ်ကြောင်းတည်းသာ ပါရှိခြင်းနှင့် စာပို့သော အချိန် တူညီခြင်းတို့ဖြစ်သည်။ မောင့်ကို အရမ်းချစ်တယ် ဆိုသော စာတစ်ကြောင်းတည်းကို ညစဉ် ၁၂ နာရီ အချိန်တွင် ပေးပို့ထားခြင်းဖြစ်သည်။ ဒီစာကို ဘယ်သူပို့တာလဲ ။ မိုး လား ။ ဟင့်အင်း ..။ မိုးက သေပြီလေ .. ။ ငါ့မျက်စိရှေ့တင် သေခဲ့တာပဲ ..။ မိုး မဖြစ်နိုင်ဘူး .. ။ ဒါဆို မိုး password ကို သိတဲ့ တခြားတစ်ယောက်လား .. ။ ဟာ .. ဘာတွေလဲကွာ ..။ ပို့တဲ့ အချိန်ကလဲ ည ၁၂ နာရီ ..။ ဒါဆို ၁၂ နာရီမှာ မိုး account အွန်လိုင်းမှာ ရှိနေမှာလား .. ။ နာရီ ကြည့်မိသည်။ ဘရားရေ .. ၁၁း ၅၈ တောင် ရှိနေပါရောလား ..။ အလျင်အမြန်ပင် Gtalk ဖွင့်မိသည်။ Online list တွင် loveghost@ ဆိုသည့် နာမည် လိုက်ရှာကြည့်သည်။ မတွေ့ ..။ ဟင့်အင်း .. ငါ စိတ်ထင်တာ ဖြစ်မှာပါ .. ငါ့ စိတ်က ကယောင်ခြောက်ခြားတွေ မြင်နေတာပါ ..။ စိတ်လှုပ်ရှားလွန်းသဖြင့် လက်က နံဘေးရှိ ကော်ဖီခွက်ကို တိုက်မိသည်။ ကော်ဖီခွက်ကို ပြန်ကုန်းကောက်စဉ် ဖွင့်ထားသော ပြူတင်းပေါက်မှ တဆင့် သံချောင်းခေါက်သံ သဲ့သဲ့ ကြားရသည်။ ကော်ဖီခွက်ကို ပြန်ကောက်တင်ရင်း ပြုံးမိသည်။ ကဲ .. ၁၂ နာရီလဲ ထိုးပြီ .. ဘာမှလဲ မထူးခြားသေးပါလား .. ငါ စိတ်စွဲပြီး ထင်ရာမြင်ရာတွေ လျှောက်မြင်နေတာပါ .. ။ ကိုယ့်အဖြစ်ကိုယ် သဘောကျရင်း Computer ကို Shut down ချရန် mouse ဆီသို့ လက်အလှမ်း … Chat Box တစ်ခု တက်လာသည်။ ဘုရားရေ .. loveghost@gmail.com တဲ့ ..။ ရေးထားတဲ့ စာက .. မောင့်ကို အရမ်းချစ်တယ် .. အခုက စပြီး မောင်နဲ့မိုး မခွဲတော့ဘူးနော် .. တဲ့ .. ။ ဒါတကယ်ပဲလား .. ဟင့်အင်း .. မဖြစ်နိုင်ဘူး .. ငါ အိပ်ပျော်သွားတာထင်တယ် .. ဒါ အိပ်မက်မက်နေတာဖြစ်မယ် .. ။ သေချာ ကွဲကွဲပြားပြား သိရအောင် နံဘေးရှိ ကော်ဖီခွက်ကို နံရံဆီ ပိတ်ပေါက်လိုက်သည်။ နံရံနှင့် ကော်ဖီခွက်တို့ ထိမှန်သံက ညဥ့်လယ်တွင် တဆိတ် ကျယ်လောင်လွန်းသည်။ ဒါ တကယ့် အဖြစ် အပျက်ပဲ .. ။ ကြမ်းပြင်ပေါ်ရှိ ကော်ဖီခွက်ကို စိုက်ကြည့်ရင်း တွေဝေနေမိသည်။
ထိုစဉ် လေပြင်းတစ်ချက် တိုက်ခတ်မှုနှင့်အတူ လျှပ်စစ်မီး ပြတ်တောက်သွားသည်။ ကျနော် ကျောပေးကာ ထိုင်ထားသည့် အခန်းတံခါးက စေ့ထားရာမျ တကျွီကျွီ အသံပေးလျက် ပွင့်လာ၏။ ခန်းဆီးစတို့ကလည်း ကူကယ်ရာမဲ့ လှုပ်ခါသည်။ UPS Battery ကြောင့် မပိတ်သေးသော Computer Screen ၏ ၀ိုးတ၀ါး အလင်းရောင်ကို အားကိုးပြီး အခန်းတံခါးပိတ်ရန် ထလာခဲ့သည်။ အခန်းဝသို့ မရောက်ခင် ခြေဖ၀ါးဆီမှ တစုံတခုကို နင်းမိသည့် အထိအတွေ့ခံစားရသည်။ ကြမ်းပြင်တွင် ဒူးထောက်ထိုင်လိုက်ပြီး နင်းမိသည့် အရာကို ကောက်ယူလိုက်တော့ ဆွဲကြိုးတစ်ကုံးဖြစ်နေသည်။ ဘုရားရေ .. အသည်းကွဲပုံ လော့ကက်သီးနှင့် ဆွဲကြိုးလေးပါလား .. ။ ဒါ … ဒါ .. မိုးရဲ့ ဆွဲကြိုးပဲ .. ဘယ်ကနေဘယ်လို .. ငါ့ အခန်းထဲ ရောက်နေတာလဲ .. ။ ထိုစဉ် မသိစိတ်၏ လှုံ့ဆော်မှုကြောင့် Computer ဆီ နောက်ပြန်လှည့်အကြည့် … မြင်လိုက်ရသည်က Desktop Background အဖြစ် သုံးထားသော မိုးဓာတ်ပုံတွင် မျက်နှာတစ်ပြင်လုံး သွေးများ ရွှဲနစ်နေသည်ကို တွေ့လိုက်ရလေတော့သည်။
` အား ´
နောက်ဆက်တွဲသတင်း
ထိုဖြစ်ရပ်များပြီးနောက် အွန်လိုင်းလောကတွင် sue.khat.min@gmail.com နှင့် loveghost@gmail.com ဆိုသော Account နှစ်ခု အပြီးတိုင် ပျောက်ကွယ်သွားခဲ့လေသည်။
Friday, July 17, 2009
Subscribe to:
Post Comments (Atom)
0 မှတ်ချက်များ:
Post a Comment