Pages

Subscribe:

Thursday, July 9, 2009

ကျွန်တော်နှင့် ကယောင်ကတမ်း ၀တ္ထုတိုများ ( ၂ )

ကယောင်ကတမ်း ( ၂ )

အဲသည့်နေ့က နွေခေါင်ခေါင် မိုးရွာတယ် ။ အဲသည့်နေ့က မာယာကော့စကီး ရဲ့ မိုးတိမ်တွေ ဘောင်းဘီချွတ်ထားကြတယ် ။ အဲသည့်နေ့က ကျနော့်ရင်တွေ တော်တော်ခုန်တယ် ။ ( အရင်နေ့တွေကလည်း ခုန်တာပါပဲ ။ ဒါပေမယ့် အဲသည့်နေ့က ပိုပြီးတော့ကို ခုန်တာ ) .. ။ အဲသည့်နေ့က ကျနော် ( တို့ ) အရူးမ ဆိုင် မှာ ice coffee သောက် ( ကြ ) တယ် ။ ကျနော့်ဘေးမှာ လူ ( သို့တည်း မဟုတ် ) အသက်ရှူတဲ့ သတ္တ၀ါ ၊ တစ်ယောက် ( သို့တည်း မဟုတ် ) တစ်ကောင် ရှိတယ် ။ အဲ့ထက် ပိုရင်လည်း ပိုမှာပေါ့ ။ ဒါပေမယ့် ကျနော့် ဘေးမှာ ဘယ်သူမှ ရှိမနေဘူး ။ ကျနော့်ဘေးမှာ ကျနော်တစ်ယောက်တည်း ထိုင်နေတယ် ။ ရုတ်တရက် ကြည့်ရင် ကျနော် တစ်ယောက်တည်း ထိုင်နေတယ် လို့ ထင်ရပေမယ့် တကယ်တော့ ကျနော့်ဘေးမှာ ကျနော် ရှိတယ် ။ ထို့အတူ ကျနော့်ချစ်သူ ( ကျနော်က ချစ်သော ) ကောင်မလေးလည်း ရှိတယ် ။

ကျနော်တို့ ထိုင်နေကြတယ် ။ ဘာအလုပ်မှ မလုပ်ပေမယ့် ထိုင်ခြင်းဆိုတဲ့ အလုပ်ကို လုပ်နေကြတယ် ။ အဲသည့်လို ထိုင်နေတုန်း ဆာတန် ရောက်လာတယ် ။ ` မောဟ တွေ နဲ့ စိုက်ပျိုးထားတဲ့ သစ်ပင် တစ်ပင် လိုချင်လို့ .. ´ တဲ့ .. ။ ကျနော်လည်း ကူညီလိုက်ပါတယ် ။ တတ်နိုင်သလောက် ။ နီးနီးနားနား Junction-8 ကို လက်ညှိုးထိုးပေးလိုက်တယ် ။ အဲသည့်ထဲမှာ ရှိမယ်ထင်တယ် လို့ .. ပေါ့ ။ ဆာတန်က ဘယ်ကြည့် ၊ ညာကြည့် ၊ ဘယ်ပြန်ကြည့် ၊ ညာပြန်ကြည့်ပြီး ကားလမ်းကူးသွားတယ် .. ။ ပြီးတော့ Junction-8 ထဲ ၀င်သွားလေရဲ့ ။ ခဏကြာတော့ သူ့ဆံပင်တွေ ( ဆာတန်မှာ ဆံပင်တော့ ရှိနိုင်ကောင်းရဲ့ ) ကို ထိုးဖွရင်း ပြန်ထွက်လာတယ် ။ ပြီးတော့ Taxi တစ်စီးငှား ၊ သူ့ ခန္ဓာကိုယ်ကို အလျားလိုက် ထိုးသွင်းပြီး ထွက်သွားလေရဲ့ ။ သူထွက်သွားပြီးမှ ကျနော် သတိရလိုက်တယ် ။ ရန်ကုန်လမ်းညွှန်တစ်အုပ်လောက် ၀ယ်ပေးလိုက်ဖို့ကို ပေါ့ ။ ဘာပဲလိုလို ရန်ကုန်လမ်းညွှန်ထဲမှာ ရှိတယ်လေ ။

အဲသည့်လိုနဲ့ ကျနော်တို့ ( ကျနော်နဲ့ သူမ ) မာယာကော့စကီး ရဲ့ မိုးတိမ်တွေကို ဘောင်းဘီပြန်ဝတ်ပေးလိုက်ကြတယ် ။ ပြီးတော့ သူမနဲ့ ကျနော် အတူဆက်ထိုင်နေကြတယ် ။ ခုံတစ်လုံးတည်းကို ကပ်သီးကပ်သတ် မျှထိုင်တာမျိုးတော့ မဟုတ် ။ တစ်ယောက် ခုံတစ်လုံးစီနဲ့ ။ ကျနော်တို့ နှစ်ယောက် ထိုင်နေကြတယ် ။ ကျနော်က သူမကို သဘာဝတရားရဲ့ ဖြစ်တည်မှု အကြောင်း ပြောပြတယ် ။ သူမက မန်ယူ-အဲဗာတန် ပွဲမှာ ပယ်နယ်တီနဲ့ ကပ်ရှုံးရတဲ့ အကြောင်း မချင့်မရဲ ပြန်ပြောတယ် ။ ကျနော်က နစ်ရှေးရဲ့ ၀ါဒ တချို့ကို ပြောပြတယ် ။ သူမက ပြည်မြို့က ကောင်မလေးတစ်ယောက်ကို ကြည့်မရတဲ့ အကြောင်း ပြန်ပြောပြတယ် ။ သည်လိုနဲ့ ကျနော်တို့ ငြိမ်းချမ်းစွာ သဘောထား ကွဲလွဲခဲ့ကြပေါ့ ။

ညနေစောင်းတော့ ကျနော်တို့ မိုးတိမ်တွေကို ဘောင်းဘီဆွဲချွတ်ခဲ့ပြန်တယ် ။ မာယာကော့စကီးတော့ ဆွေ့ ဆွေ့ ခုန်နေလောက်ရဲ့ ။ မတတ်နိုင်ဘူးလေ ။ တခြား လုပ်စရာမှ မရှိတာ ။ ကြောင်တော့ ရေမချိုးပေးနိုင်ဘူး ။ ကိုယ့်ဟာကိုယ်တောင် အရေပြားအဟောင်းနဲ့ အနိုင်နိုင်ရယ် ။ ကျနော် စကားတစ်ခွန်း ဖွဖွ ရွတ်မိတယ် ။ ` နင့်ကြောင့်လား ၊ ငါ့ကြောင့်လား ၊ အပြင်မှာ မိုးတွေ ရွာနေတယ် ´ .. ။ သူမက ၀င်ငြင်းလေ ရဲ့ ။ သမီးကြောင့် မဟုတ်ဘူး .. တဲ့ ။ သူမကြောင့် မဟုတ်သလို ကျနော့်ကြောင့်လည်း မဟုတ်ပြန်ဘူး ။ တကယ်တော့ ကျနော့်သူငယ်ချင်း ဏီအဲY ကြောင့် ။ ကျနော် ထပ်ရွတ်တယ် ။ ` လွမ်းတော်မူလို့ စာကိုစီတယ် ´ ။ ဘာစာတွေလဲ .. တဲ့ ။ သူမက မေးတယ် ။ ဘာစာမှ မဟုတ် ။ နှလုံးသွေးတွေနဲ့ သွန်းလုပ်ထားတဲ့ အသည်းပုံ လက်ဗွေရာ နှစ်ခု ။ ဆရာ ဆူးရစ်နွယ်ရဲ့ ဖန်တီးမှု အနုပညာ ။ သူမ မျက်မှောင်ကြုံ့ ပြီး ကျနော့်ကို ကြည့်တယ် ။သူမ ရဲ့ ဆံပင်တွေကို ကျနော် လက်နဲ့ ဖွပစ်လိုက်တယ် ။ လေပြည်တစ်သုတ်က ကျနော့်ဆံပင်တွေကို ပြန်ဖွပြီး သူမအတွက် လက်စားချေတယ် ။ ကျနော်တို့ နှစ်ယောက် မိုးတိမ်တွေအောက် ဆက်ထိုင်ကြတယ် ။

သည်လိုနဲ့ သူမ ပြန်ရမယ့် အချိန်ရောက်ခဲ့ပြန်ပေါ့ ။ မိုးတိမ်တွေလည်း မရှိတော့ဘူး ။ အိပ်တန်းတက်ကုန်ပြီထင်ရဲ့ ။ အိပ်တန်းတက် တိမ်တစ်မျှင် အကြောင်း ကဗျာရေးဖို့ တေးထားလိုက်တယ် ။ သူမ Taxi Driver တစ်ယောက်နဲ့ စကားပြောနေတယ် ။

( ………. ) ကို ဘယ်လောက်လဲ ။

နှစ်ထောင်ပဲ ပေးပါ ။

အာ .. လျှော့ပါဦး .. သွားနေကြပဲဟာ .. ။

ထောင့်ရှစ်ရာတော့ ပေး ။

လုပ်မနေနဲ့ .. ထောင့်ငါးရာ ထားလိုက် ။

ကားသမား ခေါင်းညိတ်ပြတယ် ။ ကျနော် အတ္တကြီးစွာ ( ကလေးဆန်စွာ ) ၀င်ကန့်ကွက်လိုက်တယ် ။ တစ်ထောင်တန်တစ်ရွက် ၊ နှစ်ရာတန် သုံးရွက်ကို ထိုပုဂ္ဂိုလ်ထံ ကမ်းပေးလိုက်တယ် ။ ပြန်အမ်းငွေကို မယူတော့ ။ ဟုတ်တယ်လေ ။ တစ်ထောင့်ခြောက်ရာတန် ခရီးစဉ်တစ်ခု ဖြစ်အောင် တမင်ဖန်တီးလိုက်တာ ။ သူမက နှုတ်ဆက်တယ် ။ ကျနော် ပြန်နှုတ်ဆက်လိုက်မိသလား ။ ဟင့်အင်း .. မသေချာဘူး ။ သူမကတော့ ကျနော့်အနား မရှိတော့ဘူး ။ ကျနော့်ရင်ဘတ်ထဲက နှလုံးသား တစ်စုံလည်း မရှိတော့ဘူး ။ ထုံးစံအတိုင်း သူမ ရဲ့ အနက်ရောင် ကျောပိုးအိတ်လေးထဲ ပါသွားလေရဲ့ ။

ကောင်းကင်ကို မော့ကြည့်မိတော့ ကြယ်တစ်ပွင့် မပြောမဆို ကြွေတယ် ။ နားထဲမှာ ကြားယောင်မိတာ ဟန်ထွန်းသီချင်း တပိုင်းတစ … ။

` အပြာရောင် မိုးကောင်းကင်
ကြယ်ပွင့်လေးတွေ ကြွေသွားတိုင်း
မပျော်နိုင်ဘူး ကလေးရေ
မငိုနဲ့ မျက်ရည်တွေ သုတ်လိုက်
ဘယ်လိုဝေးသွားလည်းပဲ အဆုံးသတ်တဲ့ထိ ချစ်နေမှာ
ရွှေရောင်တောက်ပလွန်းတဲ့ မင်းဘ၀လေးရဲ့ ဟိုးအဝေးမှာ ´

0 မှတ်ချက်များ:

Post a Comment