Pages

Subscribe:

Saturday, April 17, 2010

လူ ပီသသော လူ

လူ ပီသသော လူ


ငါသည်သာ ကြွက်တစ်ကောင်ဖြစ်၍
ငါသည်သာ တစ်ကောင်ကြွက်ဖြစ်ကြောင်း ။
ဖြစ်ကြောင်းကုန်စင် ရှင်းပြရရင်
အကုန် ဆင်တူယိုးမှားတွေချည်း ။

အမှားရိုးရိုးလေးက ရိုးရိုးသားသားလေး
မှားခဲ့ကြောင်း ။ ပုဒ်မနံပတ် တပ်မရတဲ့
ပြစ်မှု ၊ ကိုယ်တိုင်ကျူးလွန်ခဲ့ကြောင်း ။
လွန်လွန်ကျူးကျူး ၊ ကျိုးကျိုးနွံနွံ ။
ခင်ဗျားရှေ့ ၊ ကျုပ် ထွန်ကျူးလိုက်တယ် ။
လမ်းလို့ သတ်မှတ်ထားတဲ့ လမ်းကို
လျှောက်ဖို့ ။ လူရှေ့သူရှေ့ အော်ကြီးဟစ်ကျယ်
စကားမပြောဖို့ ။ မိန်းမတစ်ယောက်ဟာ
မိန်းမကျင့် ၊ မိန်းမကြံနဲ့
မိန်းမလိုသာ နေဖို့ ။
Black Day အကြောင်း ပြန်မတွေးမိဖို့ ။
ဖို့ ၊ ဖို့ ၊ ဖို့ ၊ ဖို့ ၊ .................. ။
မြေဆွေးတွေ နည်းနည်းထပ်ဖို့ ။
ပေါင်ဒါတွေ နည်းနည်းထပ်ဖို့ ။
ခင်ဗျားအပြစ်တွေ ဖုံးဖို့ ၊ ဖိဖို့ ။
လူဆိုတာကတော့ ၊ လူပါပဲ ။
` ဠူ ´ ဟု စာလုံးပေါင်းလိုက်သဖြင့်
အမြင်ခန့်သွားသည်မှ တစ်ပါး
ကြီးကျယ်ခမ်းနားသော လူ ဖြစ်မသွားနိုင် ဟု
လမ်းဘေးအုတ်ခုံတွင် ၊ ကွမ်းဝါးရင်း
သေးငယ်သိမ်နုပ်စွာ တွေးမိ ။
ရှင်မဟာရဌသာရ မဟုတ်လို့ ၊ ခရီးသွားတောလား
မရေးနိုင်သလို ။ ကိုညီထွဋ် မဟုတ်လို့
ခရီးသွားမီးခိုးတန်းများ မဆိုနိုင်ဘူး ။
ခရီးသွားမယ် ။ ခရီးသွားမယ် ။
ရထားနဲ့ ၊ ကားနဲ့ ၊ သဘောင်္နဲ့ ၊ လေယာဉ်ပျံနဲ့ ။
အဖေနဲ့ ၊ ဘော်ဒါနဲ့ ၊ ကောင်မလေးနဲ့ ၊ ဟိုဟာနဲ့ ၊ ဒီဟာနဲ့ ။
ဟိုပစ္စည်းနဲ့ ၊ ဒီပစ္စည်းနဲ့ ၊ ဟိုအင်္ကျီနဲ့ ၊ ဒီအင်္ကျီနဲ့ ။
လက်မှတ်လေး တစ်ချက်လောက် ။
လက်ပတ်စော် နံတယ် ။
ဟိုဘက် နည်းနည်း တိုးပေးပါ ။
စကားသံ နည်းနည်း တိုးပေးပါ ။
အတိုးပေးပါလို့ ပြောထားတာ ကြာပြီ ။
အတို့ အထိတွေ ထပ်မလုပ်ပါနဲ့ ။
ခုထိ လမ်းမဆုံးသေးဘူး ။
ခုထိ ခရီးမဆုံးသေးဘူး ။
ဒီခရီးကို ဒီလမ်းက သွားရင် ဒီနေရာ ရောက်မယ် ။
သေချာတာပေါ့ ၊ သေချာတာပေါ့ ။
ရေဘူးနဲ့ ထီး မပါ ၊ နွေအခါမှ သိ ။
နွေနာရင် ဘယ်ဆေးလိမ်းရလဲ ။
မသေပါနဲ့ဦး ၊ ငွေဆိုတာ မသေခင်သုံးရတာ ။
လူလိုသူလို ၊ လူအထင်ကြီးခံရဖို့ ။
ငွေဆိုတာ မသေခင် ဖြုန်းရတာ ။

ဆူးခက်မင်း
15.4.2010

Friday, April 9, 2010

အနက်ရောင်စကားလုံးများရဲ့  အနက်ရောင်ည

အနက်ရောင်စကားလုံးများရဲ့  အနက်ရောင်ည



ကျွန်တော်၏ အသက်ရှူလမ်းကြောင်းစနစ်
ချို့  ယွင်း နေ ပါ သ ဖြင့် .. ၊
သူမ အသံကို မကြားနိုင်ခဲ့ပါ ။
သွေးလွှတ်ကြောတလျှောက် စီးဆင်းနေသော
သွေးလည်ပတ်မှုဆိုင်ရာ ဘာသာဗေဒ
မသိလိုက် ၊ မသိမိခင်မှာပဲ ။
ဆေးလိပ်သောက်ခြင်းနှင့် အသည်းကွဲခြင်းသည်
ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပါသည် ။
လိပ်ပြာတစ်ကောင် ၏ အတ္ထုပတ္တိကို
ဖတ်ရှုရန် ကြိုးစားနေပါသဖြင့် ၊
မိမိ၏ အတ္ထုပတ္တိကို ကိုယ်တိုင် မပြုစုနိုင်ခြင်း ။
ထိုမှန်ချပ်ရှေ့တွင် ရပ်ပြီး
“ အိုးပန်း ဆက်ဆမီ ” ဟု ၊ သုံးကြိမ် အော်
လိုက်ရုံမျှဖြင့် ၊ ဘယ်ညာလွဲခြင်း
ပျောက်မသွားနိုင်ကြောင်း
ထိုမှန်ရှေ့တွင် ရပ်လိုက်ချိန်မှစ၍
သိလိုက်ရ ။
“ တံခါး ဖွင့်ပေးပါ ..
တံခါး ဖွင့်ပေးပါ ..
တံခါး ဖွင့်ပေးပါ ..
တံခါး ......... ”
အမှောင်ထုထဲမှာ နေရတာ ၊ ပို မှောင် တယ် ။
အဲသည့်ညက သူ့ထုံးစံအတိုင်း မှောင်တယ် ။
ညကို ညလို မြင်ရဖို့ ၊ သူငယ်အိမ်ကို
ဖောက် ပစ် လိုက် တယ် ။
တ ရွေ့  ရွေ့  ၊ တ ရွေ့  ရွေ့ 
စမ်း တ ၀ါး ၀ါး ။
မမြင်တော့မှ အမှောင်ဆိုတာကို
နှစ်ခြိုက်မိကြောင်း ၊ လက်လွတ်စပယ် လက်ခံလိုက်ရ ။
ဓားတစ်ချောင်းရဲ့  အဆုံးစွန်ထိ ထက်နိုင်စွမ်းက
ငါ့ လည်မြိုကို လာ ထောက် ။
ဖောက်လွဲဖောက်ပြန်ဖြစ်နေတဲ့ ရာသီဥတုက
ဖောက်လွဲဖောက်ပြန်ဖြစ်နေတဲ့ မိန်းမပျက်တစ်ယောက်လို
ဆံပင် ဖရိုဖရဲ ၊ ရွံစရာ နှုတ်ခမ်းတွေနဲ့
ပြု စား တယ် ။
မလာနဲ့ ၊ မလာနဲ့ ။
ဒီအတိုင်းလေး မှောင်နေရတာ ပိုကောင်းပါတယ် ။
ဒီ အ တိုင်း လေး ပဲ
မှောင် နေ ရ တာ ပို ကောင်း ပါ တယ် ။

10.4.2010

Sunday, March 21, 2010

ကျွန်တော် နှင့် တစ်နေ့တာ

ဒီတစ်နေ့တာအတွက် ၊ ငါ့ကိုယ်ငါ
ပြန်စားသုံးတယ် ။
သားညှီစော် နံနေတဲ့ ၊ ငါ့ အတ္တတွေ ။
ဘယ်မှာ နားခိုမလဲ ။
ဘယ်မှာ ခိုနားမလဲ ။
ခိုတွေ သွားရာ လမ်းကြောင်းနောက် ၊
ကောက်ကောက်ပါအောင် လိုက်မိတော့ ။
ကြူကြူပါအောင် ငိုလိုက်ရတာတွေ ။
အို အေ့ အေ့ အို ။
တိတ်ပါတော့ ကလေးရယ် ဆိုတဲ့ သားချော့တေး ။
နေညိုတိုင်း ကြားနေရတဲ့ ၊ တ အေ့ အေ့
လေပြိုသံ ။
" အို " ဆိုတဲ့ ၊ ရှက်စနိုး အာမေဋိတ်သံ ။
အရက် နဲ့ မိန်းမ ဆိုတာ မရှိရင် ၊ ကဗျာဆရာဆိုတာရော
ရှိလာနိုင်မလား ။
အဲ့လို အပေါစားဆန်တဲ့ ပြက်လုံးတစ်ခုကို
ကြားလိုက်ရတော့မှပဲ ၊ ငါ့ကိုယ်ငါ ပြန်ရုန်းထွက်လာမိ ။
ကဏ္ဍကောစ ခုတင်ပေါ်ကနေ ဆင်းလိုက်တော့မှ
အယုတ္တ အနတ္တ အသံဗလံ တချို့ ငါ့ကို ဖြတ်နင်းကြ ။
မနက်စောစော ထရမယ် ။
မနက်စောစော အစာရှာသွားတဲ့ ငှက်တွေနဲ့အတူ
မနက်စောစော မျက်နှာသစ်ရမယ် ။
မနက်စောစော ကဗျာရေးရမယ် ။
မနက်စောစော ဦးနှောက် ဖုန်ခါရမယ် ။
မနက်စောစော ခေါင်းအုံးတွေ ထုတ်လှန်းရမယ် ။
မနက်စောစော သားလှီးဓားတွေ သွေးရမယ် ။
မနက်စောစော သွေးလှီးဓားတွေ "သ" ရမယ် ။
မနက်စောစော ခေါင်းအုံးတွေ ဖုန်ခါရမယ် ။
မနက်စောစော ဦးနှောက် ထုတ်လှန်းရမယ် ။
မနက်စောစော ကဗျာသစ်ရင်း မျက်နှာရေးရမယ် ။
မနက်စောစော အစာထရှာရင်း ဟိုဟိုသည်သည် ပျံသန်းရမယ် ။
ဒီနေ့ မနက်စောစော ၊ ငါ့ကိုယ်ငါ ပြန်နားခိုဖို့
သားညှီစော် နံနေတဲ့ ငါ့အတ္တတွေ ၊ ပြန်စားသုံးရမယ် ။

ဆူးခက်မင်း
24.2.2010
1 : 22 PM

Sunday, March 7, 2010

ကမ္ဘာပျက်၍ / ပြတ်ရွေ့ ကြောင်းများဖြင့် / ကမ္ဘာပျက်ခြင်း


ဒီနေ့ ကမ္ဘာပျက်တယ် ..
တောမီးလောင်သလိုမျိုး .. စကားလုံးတွေ
အပြိုင်းအရိုင်း .. ကိုယ့် ဆီ တိုးဝင်လာကြ .. ။
သူမ ပုတ်ချခဲ့တဲ့ နှင်းဆီဝါ၀ါလေးမှာ ..
ကိုယ့် ၀င်သက်ထွက်သက်တွေ ..
၉၉ ရာနှုန်း .. ပါသွားတယ် ။
ဒီနေ့ ကမ္ဘာပျက်ကြောင်း ..
သေချာအောင် .. ကိုယ့်ကိုယ်ကိုယ် ဆွဲဆိတ်ကြည့်မိတယ် ။
ကြိုးမိန့်ပေးသံတွေ ကြားတယ် .. ။
လေတိုးသံတွေ ကြားတယ် .. ။
ခေါင်းငိုက်စိုက်ကျသွားတဲ့ ညနေခင်းလေး ..
ကိုယ့် အိတ်ကပ်ထဲမှာ ခပ်နွမ်းနွမ်း ပြုံး လို့ .. ။
ဒီနေ့ ကမ္ဘာပျက်ကြောင်း ..
နွေနေ့လည်ခင်းက ပူစပ်ပူလောင် ထောက်ခံတယ် ... ။
ဒီနေ့ ကမ္ဘာပျက်ပါမယ် ရှင် .. လို့ ..
ရေဒီယိုက ကြေငြာခဲ့သလား .. ?
နားထောင်လိုက်ရသူများ .. ဆိတ်ငြိမ်ပေးပါ .. ။
စိတ်ငြိမ်ဆေး သောက်ဖို့ လိုနေပြီ ထင်တယ် .. ။
ကမ္ဘာပျက်ပြီးတဲ့နောက် ..
လမ်းပန်းဆက်သွယ်ရေး အရင်လို ကောင်းပါ့မလား .. ။
ကဗျာတွေ အရင်လို ရေးနိုင်ပါဦးမလား .. ။
စီးကရက် မီးခိုးငွေ့ တွေထဲ အရင်လို ရှာနိုင်ပါဦးမလား .. ။
မျက်ရည်စိုနေတဲ့ မိုးတွေ ရယ် .. ၊
မိုးရေစိုနေတဲ့ မြက်တွေရယ် .. ၊ အရင်လို ရှိပါဦးမလား ... ။
စမ်းချောင်းထဲ အရင်လို လမ်းလျှောက်နိုင်ပါဦးမလား .. ။
လား ၊ လား ၊ လား ၊ လား ။
`လား´ ပေါင်းများစွာနဲ့ ငိုင်နေစဉ်မှာပဲ ..
ကိုယ့် နှင်းဆီဝါလေး `ဖတ်´ ခနဲ ..
ပုတ်ချခံလိုက်ရတယ် .. ။
ဒီနေ့ ကမ္ဘာပျက်ကြောင်း နိမိတ်ပုံတွေ ပေါ်ထွန်းခဲ့သလား ။
ကမ္ဘာပျက်နေချိန် ...
တစုံတယောက် .. ခေါင်းစွပ်အင်္ကျီအနက်ရောင်လေးဝတ်ပြီး
အိပ်ပျော်နေမလား ... ။
တစုံတယောက် .. စာမေးပွဲနီးလို့ စာတွေပဲ ဖိကျက်နေမလား ။
ကမ္ဘာပျက်တဲ့အကြောင်း သတင်းပေးဖို့
သူမ ဖုန်းနံပတ် ကိုယ့်ဆီမှာ မရှိဘူး ။
ကိုယ့် ဘီရိုအံဆွဲထဲက ဂျယ်လီလေး ..
ကမ္ဘာပျက်တဲ့ထဲ ပါသွားမလား .. ။
သူမ မိုးပေးခဲ့တဲ့ ကိုယ့်အိမ်လေးမှာ
ခရမ်းရောင် သက်တန့်တွေ ပွင့်နေမှာပါ .. ။
ကြယ်မြင် လမြင် .. ပျက်နေတဲ့ ကမ္ဘာမှာ
ကိုယ့် အခန်းစုတ်ထဲက တစ်ခြမ်းပြတ် ကြယ်လေးတွေ
သတိရတိုင်း ထထ လင်းနေတုန်းပဲ ။
ဒီနေ့ ကမ္ဘာပျက်ကြောင်း သေချာအောင် ..
ကိုယ့်ကမ္ဘာကို ကိုယ်တိုင် ပြန်ဖျက်ကြည့်မိတယ် .. ။

Sunday, February 7, 2010

မိချမ်းမွန် ဖတ်ဖို့ (၂) ( သို့ ) သေတမ်းစာ အမှတ် ( ၂၀၁၀ )



မျက်ရည်တွေလည်း မခြောက်သေးဘူး ။

မျက်နှာထက်တွင် စီးဆင်းသွားသော မြစ်တစ်စင်း ။


မြတ်မြတ်နိုးနိုးနဲ့ ၊ မသုတ်ပဲ ထားလိုက်တယ် မိချမ်းမွန် ။


ရာသီဥတုက တစ်လှည့်စီ ။


နွေရယ် ၊ ဆောင်းရယ် ။


ပြီးတော့ ၊ ဆောင်းရယ် ၊ နွေရယ် ။


မိုးဆိုတဲ့ ရာသီ ၊ ခရီးသွားဟန်လွှဲတောင် မပါစေနဲ့ ။


မိုးတွေ ရွာတိုင်း ၊ မျက်ဝန်း "စို" တယ် ။





မငိုပါနဲ့လား .... တဲ့ ။


မငိုချင်ပါဘူး မိချမ်းမွန်ရယ် ။


ငါ မငိုချင်ပါဘူးကွယ် ။


ဟော ... ။


မငိုဘူး ပြောနေရင်း ၊ စို့တက်လာတဲ့


မျက်ရည်စတွေ ။


ငါ့ကိုယ်ငါ မုန်းတယ် ။


ငါ့ မျက်ရည်တွေကိုလည်း ငါ မုန်းတယ် ။


ကျေးဇူးပြုပြီး ၊ ငါ့ကို သေမိန့်ချပါ ။


ကျေးဇူးပြုပြီး ၊ ငါ့ လည်ပင်းကို ကြိုးကွင်းစွပ်ပါ ။


နင့်လက်ကလေး တစ်ချက် အ၀င့်မှာပဲ ။


မောင်းခလုတ်တံကို သွေးအေးအေး နဲ့ ဖြုတ်ချလိုက်ပါ မိချမ်းမွန် ။





ငါ့ ဈာပနမှာ


stitch အရုပ်နဲ့အတူ မြေချပါ ။


baby pooh လေး ငိုကြွေးနေပါစေ မိချမ်းမွန် ။


တစ်ဖက်ကမ်းကို နင်ကိုယ်တိုင် ခေါက်ပေးခဲ့တဲ့


စက္ကူလှေနဲ့ ငါကူးပါရစေ ။


ငါ့ပါးစပ်ထဲ တစ်မတ်စေ့ မထည့်ပါနဲ့ ။


ကူးတို့ခ အဖြစ် ၊ ဂျယ်လီလေး ယူသွားမယ် မိချမ်းမွန် ။


ကြေးစည်သံ / ရေအိုး ၊ ကြား / ကွဲ ... အပြီး ။




အ .... ရာ ... အား .. လုံး ....


ချု ပ် ....ြ ငိ မ်း ... ... ... သွား .... ... ..


........................................................................................ ။ ။

Thursday, February 4, 2010

မိချမ်းမွန် ဖတ်ဖို့

မိချမ်းမွန် ဖတ်ဖို့



ငါတို့ အိမ်လေးမှာ ၊ ကာလံဒေသံ
မကွဲပါဘူး ၊ မိချမ်းမွန် ။
၁၂ ရာသီပတ်လုံး ၊ တလုံးလုံး ထနေတဲ့
ဖုန်မှုန့်တွေရယ် ။
နွေရာသီ ရောက်တိုင်း ကျနေကျ ချွေးစက်တွေရယ် ။
ကိုယ့်ခြေမကိုယ် ပြန်ပြန် ငုံ့ကြည့်နေရတာကလွဲလို့
ငါတို့ အိမ်လေး ၊ ပျော်နေပါတယ် မိချမ်းမွန် ။

မနေ့က ၊ မိုးတွေ ရွာတယ် မိချမ်းမွန် ။
တိတိပပ ပြောရမယ် ဆိုရင် ။
လေးနာရီကြာ ရွာတဲ့မိုး ။
လွမ်းလိုက်တာကွယ် ။
စီးကရက်တိုတွေရယ် ၊ စက်မှု (၁) ကားမှတ်တိုင်ရယ် ။
လက်ထဲက ( ............ ) ရယ် ။
မလွမ်းကောင်း လွမ်းကောင်း ၊ လွမ်းလိုက်တာကွယ် ။

ငါတို့ အိမ်လေး ၊ မိုးမိသွားသလား ။
မသေချာဘူး ၊ မိချမ်းမွန် ။
သေချာတာတော့ ၊ ငါ့ အခန်းစုတ်လေးထဲမှာ
နင် ခြွေချလိုက်တဲ့ ၊ ကြယ်အပဲ့တွေ
ဟို တစ်စ ၊ သည် တစ်စ နဲ့
ငါတို့ အိမ်လေး ၊ မီးမထွန်းပဲ လင်းတယ် မိချမ်းမွန် ။

မနေ့နဲ့ ဒီနေ့မှာ ၊ မနက်ဖြန်အတွက်
လည်ပတ်ရင်း ၊ မဆီမဆိုင်
နင့် သွားတက်လေးကို ၊ သတိရတယ် မိချမ်းမွန် ။
ဟုတ်ပါတယ် ။ ငါက လည်လွန်းလို့ ရပ်သွားတဲ့ ဘီး ။
နင့် ရှေ့ မှာ ၊ ဒူးအစုံ ထောက် ။
လည်စင်းပေးခဲ့ပေမယ့် ၊ နင်က ငါ့ ဂုတ်ပိုးကို
ဖြည်းဖြည်းချင်း သပ် ၊ မခိုးမခန့် ရယ်နေခဲ့သေးတာလေ ။
အဲ့လိုကြီးတော့ ၊ ငါ့ကို မသနားပါနဲ့ မိချမ်းမွန် ရယ် ။
ငါက ခွေးတစ်ကောင်နဲ့ သိပ်မထူးတော့သလို ။
နင့် လက်နဲ့ သပ်ချလိုက်တိုင်း
အကြောတွေဆိုင်း ၊ အသာလေး ၀ပ်ချလိုက်ရလောက်အောင်
ငါ အဆုံးစွန်ဆုံး နူးညံ့သွားတယ် မိချမ်းမွန် ။

ဒီလိုပါပဲကွယ် ။
တစ်သက်နဲ့တစ်ကိုယ်တော့
ဝဋ်အကြီးကြီး လည်တယ် ။