Pages

Subscribe:

Thursday, May 24, 2012

ထရပ်ကားပေါ်က အက်ဆေးများ (၁)




(၁)



ကျွန်တော်ပင်လယ်ဆီကို သွားနေတယ် ။

ပင်လယ်ဆိုတာအလုံးကြီးလား အပြားကြီးလား ၊

မော်တော်ကားလို ဘီးလေးဘီးနဲ့လား ၊ အေးချမ်းမွန်လို

သွားတက်လေးပါလား ၊ ကျွန်တော် မသိဘူး ။ ကျွန်တော်

ပင်လယ်ဆီကို သွားနေတယ် ။ ပင်လယ်ဆိုတာ ဘယ်အရပ်

ဘယ်ဌာနမှာ ရှိမှန်း ကျွန်တော် မသိဘူး ။ ပင်လယ်ဆီသွားဖို့

လမ်းညွှန်မြေပုံလည်းမပါဘူး ။ ကျွန်တော့် သိမှုထဲမှာ ရှိနေတာ

တစ်ခုက ၊ ကျွန်တော် ပင်လယ်ဆီ အရောက်သွားဖို့ပဲ ။ ပင်လယ်ရဲ့

သဘော သဘာဝ ၊ ပင်လယ်ရဲ့ အနှစ်သာရ ၊ ပင်လယ်ရဲ့ ဖြစ်စဉ် ၊

ကျွန်တော် ဘာဆို ဘာမှမသိဘူး ။ ဒီလိုဆိုတော့  ကျွန်တော်

ပင်လယ်ဆီ သွားနေတယ် ဆိုတာ ခင်ဗျားတို့က မယုံကြည်နိုင်ဘဲ

ဖြစ်လိမ့်ဦးမယ် ။ ကျွန်တော် ရဲရဲဝံ့ဝံ့ ပြောနိုင်တာ တစ်ခုက

ကျွန်တော် ပင်လယ်ဆီသွားနေတယ် ။



“ပင်လယ်ကို မမြင်ဖူးခင်ကတည်းက

ပင်လယ်ကို ချစ်ခဲ့တယ်

ကျုပ်လား . . . အခု ပင်လယ်ဆီ သွားနေတာပါ”

(ကန္တာရသား - နေမျိုး)







(၂)



သူ သစ်သီးလေး တစ်လုံးကို ခွဲလိုက်တယ် ။ သစ်သီးလေးထဲက

သစ်စေ့လေးထွက်လာတယ် ။ သူ ကလေးပီပီ  သစ်စေ့ကလေးကို

လက်နဲ့ တောက်ထုတ်လိုက်တယ် ။ နောင်နှစ်ပေါင်း များစွာ ကြာတဲ့

အခါ သစ်စေ့ကလေးဟာ သစ်ပင် တစ်ပင်ဖြစ်သွားတယ် ။ သူလည်း

အဘိုးအိုတစ်ယောက်ဖြစ်သွားတယ် ။ သစ်ပင်ရိပ်အောက်မှာ

ကလေးသူငယ်တွေ ဆော့ကစားနေကြတယ် ။ သူတို့ရဲ့ မျက်နှာမှာ

ဖြူစင်ခြင်း အရိပ်အယောင်တွေပြည့်လို့ ။ နောင်တစ်ချိန်မှာ အဲ့ဒီ

သစ်စေ့ကလေးတွေဟာ သစ်ပင်တွေ ဖြစ်လာမလားလို့

သူတွေးမိတယ် ။ သူ့ရဲ့လက်ထဲမှာ သစ်သီးတစ်လုံးရှိတယ် ။



“ငါမြင်နေရ

သစ်သီးထဲက သစ်ပင်ကလေး

အဲဒီသစ်ပင် အောက်မှာ

ပျော်ပျော်ရွှင်ရွှင် ဟစ်အော် ဆော့ကစားနေကြ

ကလေးငယ်များ”

(သစ်ပင်အောက်က ကလေးငယ်များ - နေမျိုး)





(၃)



သူမ မနက် လေးနာရီ အတိမှာပဲ အိပ်ရာက နိုးလာတယ် ၊

မျက်လုံးတွေက ကျင့်သားရနေတာကြောင့် မနက်လေးနာရီ

ဆိုတာနဲ့ အိပ်ရာက နိုးနေတတ်တာ နှစ်ပေါင်းမနည်းတော့ ။

တစ်ကိုယ်ရည် တစ်ကာယ သန့်ရှင်းရေးကိစ္စတွေ ပြုအပြီးမှာ

မျက်နှာသစ်ဖို့ အိမ်ရှေ့ရေကပြင်ကို ထွက်လာခဲ့တယ် ။ မျက်နှာ

သစ်ရင်း သတိပြုမိတာက သူမရဲ့ ပါးပြင်ပေါ်က ထင်ထင်ရှားရှား

အရေးအကြောင်းတွေ ။ သူမ အပျိုတုန်းကများ ဒီလို မဟုတ် ၊

ညနေရေခပ်ဆင်းပြီဟေ့ ဆိုရင် ကာလသားတစ်သိုက်

မျက်ဖြူဆိုက်လောက်အောင် လိုက်ပိုးကြတာ ခံခဲ့ရသူ ။

အင်းလေ . . . အသက်လည်း ၇၀ ကျော်နေမှပဲ ဟု တွေးရင်း

ပြုံးမိသည် ။ အဲဒီနောက် မကြာခင်မှာ အရုဏ်ဆွမ်းခံကြွလာမယ့်

သံဃာတော်တွေကို လောင်းလှူဖို့ အတွက် ထမင်းတစ်အိုး

တည်ထားပြီး ၊ ဘုရားရှိခိုးရန် အိမ်ရှေ့ခန်းသို့ ထွက်လာခဲ့တယ် ။



“ဘုရားစင်ရှေ့မှာ ပုဆစ်တုပ်

နှုတ်မှ တတွတ်တွတ် ရွတ်ဆို

အဘွားအိုဟာ ဘုရားရှိခိုးစာတွေကို မေ့ပေါ့

ဉာဏ်ထိုင်းလေတော့

ဘယ်တော့မှ စ ၊ လယ် ၊ ဆုံး ကို

မှန်ကန်စွာ မရွတ်ဆိုနိုင်ပါ

ဘုရားရှင် ခွင့်လွှတ်တော်မူပါ”

 (ငါ့အိမ်နားက အဘွားအို - နေမျိုး)







May, 2012

0 မှတ်ချက်များ:

Post a Comment