ကျွန်တော်သည် .. ကျွန်တော် မဟုတ်သော ကျွန်တော်သာ ဖြစ်သည် ။
ကျွန်တော့်တွင် ပြင်ဆင်မရသော အမှားတချို့ ရှိသည် ။
ပြောင်းလဲမရသော ရူးသွပ်မှု တချို့  ရှိသည် ။
နာမ် နှင့် ရုပ် ခွဲမရသော အစိတ်အပိုင်း တချို့ ရှိသည် ။
ပဒေသရာဇ် စနစ်ကို ကိုယ်စားပြုသော ရောင်းဝယ်ဖောက်ကားမှုများ ရှိသည် ။ ....
ကျွန်တော်သည် .. ကျွန်တော် မဟုတ်သော ကျွန်တော်သာ ဖြစ်သည် ။
ကျွန်တော့်တွင် ပြင်ဆင်မရသော အမှားတချို့ ရှိသည် ။
ပြောင်းလဲမရသော ရူးသွပ်မှု တချို့  ရှိသည် ။
နာမ် နှင့် ရုပ် ခွဲမရသော အစိတ်အပိုင်း တချို့ ရှိသည် ။
ပဒေသရာဇ် စနစ်ကို ကိုယ်စားပြုသော ရောင်းဝယ်ဖောက်ကားမှုများ ရှိသည် ။
ဆင်းရဲသား ရပ်ကွက်မှ ကလေးတစ်သိုက် ရှိသည် ။
လောကနီတိ ထဲမှ စာမျက်နှာ ၀ါဖန့်ဖန့် တချို့ ရှိသည် ။
အမွှေးစုတ်ဖွားနှင့် ကြောင်လေးတစ်ကောင် ရှိသည် ။
အဖြူရောင်တို့ဖြင့် ဆင်ယင်အပ်သော ပြတိုက်တစ်ခု ရှိသည် ။
သနပ်ခါး ပါးကွက်ကြား လိမ်းထားသော ညနေခင်းတစ်ခု ရှိသည် ။
မျှော်လင့်ချက်များဖြင့် နစ်မွန်းစေခဲ့သော အရုပ်မလေး တစ်ရုပ် ရှိသည် ။
ပြင်ဆင်မရသော အမှားတချို့ က .. .. .. နောင်တ ဟူသည့် စကားလုံးကို .... ...
ကျွန်တော်နှင့် ကျွမ်းဝင်စေသည် ။
ပြောင်းလဲမရသော ရူးသွပ်မှုတချို့ က ဘာရယ်မဟုတ်ပဲ သွေးနားထင် ရောက်စေသည် ။
နာမ်နှင့်ရုပ် ခွဲ မရသော အစိတ်အပိုင်းတချို့ က ၊ ရုပ်နှင့် နာမ်ကို ကိုယ်စားပြုသော တစုံတရာကို ကျွန်တော့်အတွက် ပေးအပ်သည် ။
ပဒေသရာဇ် စနစ်ကို ကိုယ်စားပြုသော ရောင်းဝယ်ဖောက်ကားမှုများက လူ့ ကျင့်ဝတ် စည်းကမ်းကို
ပရမ်းပတာ ချိုးဖောက်စေသည် ။
ဆင်းရဲသား ရပ်ကွက်မှ ကလေးတစ်သိုက်က အပူအပင်မဲ့ ပျော်ရွှင်မှုကို ကျွန်တော့်အတွက်
စတင်ထိတွေ့ ပေးခဲ့သည် ။
လောကနီတိထဲမှ ၀ါဖန့်ဖန့် စာမျက်နှာတချို့ က ကျွန်တော်သည် လူမပီသသေးသော
လူထဲမှ လူတစ်ယောက်သာ ဖြစ်ကြောင်းကို ရှင်းလင်းထောက်ပြသည် ။
အမွှေးစုတ်ဖွားနှင့် ကြောင်လေးတစ်ကောင်က ကျွန်တော့်အတွက် ကရုဏာဆိုသည်မှာ
အဘယ်အရာ ဟု အထင်အရှား ညွှန်ပြပေးသည် ။
အဖြူရောင်တို့ဖြင့် ဆင်ယင်အပ်သော ပြတိုက်တစ်ခုက အရောင်တို့၏ ဘာသာဗေဒကို
သင်ကြားပေးသည် ။
သနပ်ခါး ပါးကွက်ကြား လိမ်းထားသော ညနေခင်း တစ်ခုက ရိုးသားဖြူစင်သော အလှတရားကို
ပိုမို ၀င်းလဲ့စေသည် ။
မျှော်လင့်ခြင်းများဖြင့် နစ်မွန်းစေခဲ့သော အရုပ်မလေးက ကျွန်တော့်အတွက် အချစ်ဆိုသည့် အရာကို သင်ကြားပေးခဲ့သည် ။
ထိုညက ကျွန်တော် တစ်ယောက်တည်း ချောက်ကမ်းပါးစွန်းတွင် ရပ်နေသည် ။
တသွင်သွင် တိုက်ခတ်နေသော ညဥ့်လေက ရိုးတွင်းချဉ်ဆီသို့တိုင် တစိမ့်စိမ့် အေးစေသည် ။
ထိုသို့ အေးမြခြင်းကို မခံစားနိုင်လောက်အောင် ၊ သတိမပြုမိလောက်အောင်ပင် ၊ ကျွန်တော့် ရင်တွင်းရှိ အပူတို့က ... ထုထည်ကြီးမားစွာ လင်းတောက်လောင်ကျွမ်းနေကြသည် ။
လမင်း ရယ် .... မင်း ရဲ့  လရောင်တွေကို ငါးမိနစ်စာ ဖျောက်ဖျက်ပေးလိုက်စမ်းပါ ။
လရောင်ရဲ့  ဖမ်းစားမှုအောက်မှာ အကျည်းတန် အရုပ်ဆိုးစွာ ငါ မကျရှုံးပါရစေနဲ့ ။
လရောင်ဆမ်းတဲ့ ညဥ့်ယံမှာ ငါတစ်ယောက်တည်း လင်းထင်း ။
ငါဆိုတာ နင်မပါတဲ့ တစ်ခုတည်းသော ကမ္ဘာငယ်တစ်ခုမှာ ငြိမ်သက် ပူဆွေးနေသူပေါ့ ။
ဘုရားသခင် .... ။ အချိန်ကျပြီ ....... ။
အ .... ချိန် .... ကျ ..... ပြီ ... ။
နောက်ဆုံးအနေနဲ့ နင့်မျက်နှာလေးကို မြင်တွေ့ခွင့်ရပါရစေ အရုပ်မလေး ရေ ။
ငါ့ဘ၀ရဲ့  နောက်ဆုံးအချိန်မှာ နင်ဆိုတဲ့ တစ်ခုတည်းသော မျှော်လင့်ရာကို တောင့်တ မိတာ ။
လွန်လား ... ။ ငါ လွန်လား ... ။ ပြောစမ်းပါ အရုပ်မလေး ရယ် ။
နင့်ပြက္ခဒိန်ထဲက ဆွဲထုတ်ခံလိုက်ရတဲ့ ပြဿဒါးတစ်ရက်လို ...
ငါလေ .... ငါ ... တဖြည်းဖြည်း .... ဖြည်းဖြည်း ဖြည်းဖြည်း နဲ့ ....
ဝေး ဝေး ဝေး ... ဝေးလွင့်သွားတော့မယ် ကောင်မလေး ရေ .... ။
၂၀၁၀ ခုနှစ် ။ ဒီဇင်ဘာ ၃၁ ရက် ။
၂၀၁၁ ဆိုတဲ့ သက္ကရာဇ် တစ်ခုကို ကူးပြောင်းဖို့ လူသားအားလုံး ပြင်ဆင်နေကြတယ် ။
ငါလည်း ပြင်ဆင်နေတာပဲလေ ။ ကူးပြောင်းဖို့ပေါ့ ။
သက္ကရာဇ် တစ်ခုက တစ်ခုကို ကူးပြောင်းဖို့တော့ ဘယ်ဟုတ်မလဲ ။
အမုန်းဆိုတဲ့ စကားလုံး တစ်စုအတွက် ပေးဆပ်ရမယ့် ကူးပြောင်းမှုပေါ့ ။
နင် မရည်ရွယ်ပဲ ကျူးလွန်ခဲ့တဲ့ ..... အပြစ်ရယ်လို့ ငါကိုယ်တိုင်တောင် မသတ်မှတ်ခဲ့တဲ့ ...
နင့် အပြစ်တွေ အတွက် ... အဲသည့် အပြစ်တွေအတွက် ..
ငါပဲ ပေးဆပ်လိုက်ပါ့မယ် အရုပ်မလေး ရယ် .... ကျေပါတော့ ... ကျေပါစေတော့ ချစ်သူ .... ။
ချစ်သူ ဆိုတဲ့ စကားတစ်ခွန်းကိုတောင် ...ရဲ ရဲ ၀ံ့ ၀ံ့ ခေါ်ခွင့်မရခဲ့တဲ့ကောင် ...
ကမ္ဘာမြေရဲ့  အခြားတစ်ဖက်မှာ အပြီးတိုင် သဂြို င်္လ် လိုက်ဖို့သာ ရှိတော့တာပေါ့ .... ။
ဟော .... နီးကပ်လာပြီ ။ တဖြည်းဖြည်းချင်း နီးကပ်လာပြီ ။
နာရီလက်တံတွေ စိုင်းပြင်း ပြေးလွှားနေကြတယ် ။
စက္ကန့်တံလေးရေ .... ဒီလိုအချိန်မှာမှ မင်းက ပိုပို မြန်နေသလိုပဲကွယ် .. ။
ငါ့အတွက် စေတန်နတ်ဆိုးကများ မင်းကို မြန်စေရော့သလား ။
ဘုရားရေ .... ။ ငါ့အတွက် သေခြင်းတရားက အနီးကပ်ဆုံး နီးကပ်လာပြီလေ ။
အရုပ်မလေး .... နင် မကျူးလွန်ခဲ့တဲ့ အပြစ်တွေအတွက် ငါ့ကိုယ်ငါ စတေးခံရင်း ....
အဲသည့် ကောင်းကင်ထက်မှာ ကြယ်တစ်ပွင့်အဖြစ် လင်း ....
မင်းအတွက် ရောင်စဉ်တချို့  ဖြာကျပေးမယ် ..
လမင်း ရေ ... မင်းနားမှာ ရံဝန်းနေတဲ့ ကြယ်တစ်စင်းအဖြစ် ၀ပ်တွား ...
ကောင်းကင်ထက်မှာ မထင်မရှား လင်းဖို့ ငါလာခဲ့မယ် ...
ငါ လာတော့မယ် .... ငါ လာနေပြီ .. လာနေပြီ လမင်းရေ ...
တချက်ချက် နာရီမြည်သံက ငါ့အတွက် သေမင်းခေါ်သံပေါ့ ..
၁၀
၉
၈
၇
၆
၅
၎
၃
၂
၁
HAppY NU Y3AR !!!!
W3LC0ME Y3AR 2010 !!!!!
ထိုညက လူမပီသသော လူထဲမှ လူတစ်ယောက် ... မိမိကိုယ် မိမိ အဆုံးစီရင်သွားခဲ့သည် ။
သူ မရှိတော့ ။ ပြင်ဆင်မရသော အမှားတချို့  မရှိတော့ ။
ပြောင်းလဲ မရသော ရူးသွပ်မှုတချို့  မရှိတော့ ။
နာမ်နှင့် ရုပ် ခွဲမရသော အစိတ်အပိုင်းတချို့  မရှိတော့ ။
ပဒေသရာဇ် စနစ်ကို ကိုယ်စားပြုသော ရောင်းဝယ်ဖောက်ကားမှုများ မရှိတော့ ။
ဆင်းရဲသား ရပ်ကွက်မှ ကလေးတစ်သိုက် မရှိတော့ ။
လောကနီတိမှ ၀ါဖန့်ဖန့် စာမျက်နှာ တချို့  မရှိတော့ ။
အမွှေးစုတ်ဖွားနှင့် ကြောင်လေးတစ်ကောင် မရှိတော့ ။
အဖြူရောင်တို့ဖြင့် ဆင်ယင်အပ်သော ပြတိုက်တစ်ခု မရှိတော့ ။
သနပ်ခါး ပါးကွက်ကြား ... လိမ်းထားသော ညနေခင်း တစ်ခု မရှိတော့ ။
မျှော်လင့်ခြင်းများဖြင့် နစ်မွန်းစေခဲ့သော အရုပ်မလေး မရှိတော့ ။
ချစ်ခြင်း မုန်းခြင်း ရန်လိုမုန်းတီးခြင်း ခွင့်လွှတ်သည်းခံခြင်း ... ဘာဆို ဘာမှ မရှိတော့ ။
နကိုတည်းက မရှိခဲ့သော ဖြစ်တည်မှုများ၏ တခြားဘက်မှ မရှိခြင်းများလည်း မရှိတော့ ။
သူ နှင့်အတူ ချောက်ကမ်းပါးထဲ ခုန်ဆင်း ....
ထိုမှတဖန် ... ပြန်လည် မြင့်တက် ..
ကောင်းကင်ယံထက် ... ကြယ်တစ်ပွင့် အဖြစ် လင်း ... ....
သူ ချစ်သော အရုပ်မလေးအတွက် ရောင်စဉ်တချို့  ဖြာကျစေခဲ့သည် ။
` ကောင်းကင်တော်ထက် လင်းတဲ့ ကြယ် ...
ကိုယ်ပိုင် အလင်း မရှိပေမယ့် ..
ရောင်ပြန်လင်းတယ် ...
ရောင်
ပြန်
လင်း
တယ် ... ´
ထိုသူ ( ကျွန်တော် မဟုတ်သော ကျွန်တော် ) သည် ...
၂၀၁၁ ခုနှစ် မနက် ၀၀း ၀၀း ၀၀ နာရီ တွင် ..
မိမိကိုယ်မိမိ အဆုံးစီရင်ခြင်းဖြင့် ..
ကွယ်လွန်အနိစ္စရောက်သည် ။
တကယ်တမ်းတော့ .. ကျွန်တော်သည် ကျွန်တော် မဟုတ်သော ကျွန်တော်သာ ဖြစ်သည် ... ။
Wednesday, August 26, 2009
Subscribe to:
Post Comments (Atom)
0 မှတ်ချက်များ:
Post a Comment