Pages

Subscribe:

Sunday, May 24, 2009

ကဗျာမေးပွဲ မေးခွန်းလွှာ

ဤမေးခွန်းအား ဖြေချင်မှ ဖြေပါ ။
ခက်ခဲလွန်းလျှင်သော် လည်းကောင်း / ဖြေရန် မလို ဟု သတ်မှတ်လျှင်သော် လည်းကောင်း
သင်၏ စိတ်ကို ဆွဲစေ့၍ ထွက်သွားနိုင်သည် ။
တံခါးကိုတော့ ဖွင့်ထားခဲ့ပါ ။
နောက်လူများ ထွက်လိမ့်ဦးမည် ။
၁။ အမှန် / အမှား တစ်ခု ရွေးပါ ။
(က) ယခု သင် ဒီအခန်းတွင်းမှ ထွက်သွားချင်နေသည် ။ ( )
(ခ) သင်သည် အပြစ်ကင်းစင် ( မဆိုစလောက် ) သော သူ ဖြစ်၏ ။ ( )
(ဂ) အလိုရမ္မက် သည် သင့်အိတ်ကပ်တွင်းရှိ အရာတစ်ခုသာ ။ ( )
၂။ ကွက်လပ်ဖြည့်ပါ ။
(က) ကွက်လပ်သည် ………………… ဖြစ်သည် ။ ( )
(ခ) ဘကုန်း + ဝလုံး = ……………. ( )
မှတ်ချက် ။ ။ ဘဝ ဟူသည့် စကားလုံးကို လွယ်လွယ်မရေးပါနှင့် ။
(ဂ) ငါသည် ……………….. ဖြစ်၏ ။ ( )
၃။ ကြိုက်နှစ်သက်ရာ တစ်ခုကို စာစီကုံးပါ ။
(က) ဝဿန်ကာလ မိုးဦးကျ
မှတ်ချက် ။ ။ ခေါင်းစဉ် ရိုးလွန်းသည် ။ လျစ်လျူရှုလိုက်ပါ ။
(ခ) ကျွန်တော်မသိခြင်းများ
မှတ်ချက် ။ ။ သီချင်းခေါင်းစဉ် ( လိုလို ) ပဲ ။ ဖြေချင်လျှင် ဖြေနိုင်သည်။
(ဂ) ကဗျာနှင့် ကာဗျ ၏ ဝိရောဓိ ကွဲပြားခြင်း
ပြီး၏ ။
…………… …………… …………..
မေးခွန်းတစ်ခု = ဆယ်မှတ်
အားလုံးမှန်အောင် ဖြေဆိုနိုင်လျှင် ရမှတ် ကိုးဆယ် ရမည် ။
မှန်ခြင်း / မမှန်ခြင်း
အောင်မြင်ခြင်း / ရှုံးနိမ့်ခြင်း အတွက်
သင်ကိုယ်တိုင် ဆုံးဖြတ်ရမည် ဖြစ်သည် ။
သင့်ဘဝ ခုံရုံးတွင် သင်သည်သာ တရားသူကြီးဖြစ်၏ ။
သေချာတာ တစ်ခုကတော့
ပြီးပြည့်စုံခြင်း မရှိသော ဤလောကတွင်
အမှတ်တစ်ရာ မရရှိရန် အကြွင်းမဲ့ သေချာ၏ ။
………… ………………. ………………..
အထက်ပါ မေးခွန်းများသည် သင်၏ ဖြစ်တည်မှု နှင့်
မအပ်စပ် ဟု ယူဆလျှင်
လက်ဖြင့် ဆုတ်ဖြဲ ၍ သော်လည်းကောင်း
မီးဖြင့် ရှို့၍ သော်လည်းကောင်း
သင့်အတ္တအတွက်
( သင် … ကိုယ်တိုင် )
လက်စားချေနိုင်သည် ။
မြန်မာနိုင်ငံ ( Post Modern / Language Poetry / Post Poetry ) ကဗျာရေးအဖွဲ့ချုပ်
ဆူးခက်မင်း

0 မှတ်ချက်များ:

Post a Comment