“ ၂၁ ရာ စု မှာ ”
၂၁ ရာစုမှာ တိုက်အမြင့်ကြီးတွေ
ဆောက်ကြတယ် ။ မီးအကြီးကြီးတွေ
လောင်ကြတယ် ။ ဘာမှန်းမသိတဲ့
သတ္တ၀ါတွေ ၊ သူတို့ကိုယ်သူတို့
လောင်ကျွမ်းကြတယ် ။
(ကိုယ့်ဟာကိုယ်ရော ဘာမှန်းသိရဲ့လားတော့ မသိဘူး )
ဒါတွေဟာ နှင်းဆီမီးညွန့်တွေ ဖြစ်တယ် ။
အမြဲစိမ်း သစ်တောတွေ ဖြစ်တယ် ။
မွေးသမိခင်ရဲ့ မျက်ရည်တွေကို
ကျင်းတူးမြှုပ်နှံလိုက်တဲ့နေ့က
ငါ ရေခဲနဲ့ ကျွမ်းလောင်တယ် ။
ကမ္ဘာပျက်မှာ မသိတဲ့ လူမိုက်တွေ
ကမ္ဘာပေါ်ထိုင်ရင်း ဝေစုခွဲနေကြ ။
အို့ .. အို ၊ သနားစရာ ။
ငါတို့ မြို့လေး အသိုက်ပြောင်းရတော့မယ် ။
ငါ နင်းခဲ့တဲ့ ခြေရာတိုင်းရဲ့ အရိပ်မှာ
သွေးတွေ စွန်းထင်းနေ ။
အဝေးပြေးလမ်းမကြီးကတော့
ငူငူငိုင်ငိုင်နဲ့ ငေးလို့ကောင်းတုန်း ။
ခြေပစ်လက်ပစ် ပစ်စလက်ခတ် နေလို့ ကောင်းတုန်း ။
မြို့တော်သူ မြို့တော်သားတို့ရေ .... ။
ငါတို့ နှင်းဆီခင်းတွေပေါ် ပျံဝဲကြစို့ ... ။
ငါ့ အ၀ါရောင်လယ်ကွင်းထဲ ဘယ်မှော်ဆရာ
ခြေချခဲ့ပါသလဲ ။
ဘယ်ဘက်လက်က ပါးစပ်ဖြစ်ပြီး
ညာဘက်လက်က နားဖြစ်တယ် ။
ကိုယ့်အသံကိုယ်ပြန်ကြားရဖို့ ၊ ငါ့လက်နှစ်ချောင်းကို
တင်းတင်း ဆုပ်ကိုင် ။
ကပိုကရို ဖြာကျနေတဲ့ လရောင်အောက် ၊
စင်ရော်ငှက်တစ်ကောင် လမ်းပျောက်နေ ။
တိုက် ဟောင်း/ပျက် တစ်ခုရဲ့ လှေကားရင်းမှာ
မိန်းမငယ်တစ်ယောက် ၊ မျှော်လင့်ချက်အသေတွေနဲ့
မှောင်ရီခိုးဝေ ။ ဘာတွေကို ဆုပ်ကိုင်ထားမလဲ ။
ဘာတွေကို လွှတ်ချခဲ့မလဲ ။ ဘာတွေကို ၊
ဘာတွေကို ၊ ဘာတွေကို ၊ ဘာတွေကို ။
သဲမှုန်တွေ လွင့်နေတဲ့ ကြားက ၊
ကန္တာရကို စောင့်တဲ့ နတ်သမီး ။
ခင်ဗျား ၊ ညစ်ညစ်ထေးထေး လှတယ် ။
လှေကားထစ်စိုက်ခင်းတွေ
တောင်ပူစာ မို့မို့တွေ
သစ်ပင်တစ်ပင်လောက် စိုက်ခဲ့ပါ ။
ငါ ထိုင်ကြည့်ရင်း လွမ်းနေချင်လို့ ။
သောင်တင်နေတဲ့ ဆည်းဆာနဲ့
ညနေခင်းက စက်ဆုပ်ရွံရှာဖွယ် အတိ ။
ငါတို့ ကျောရိုးတွေနဲ့ ကမ္ဘာကြီးကို ငြမ်းဆင်ကြ ။
ငါတို့ လက်တွေနဲ့ ကမ္ဘာကြီးကို (ကိုယ်တိုင်) တည်ဆောက်ကြ ။
ယန္တရားအရေခွံနဲ့ ဖုံးအုပ်ထားတဲ့ ငါတို့ကမ္ဘာက
သတ္ထုစော် နံ တယ် ။
၂၁ ရာစုမှာ လောင်ကျွမ်းသွားတဲ့ အနီရောင်ပန်းပွင့်တွေရယ် ။
၂၁ ရာစုမှာ လောင်ကျွမ်းသွားတဲ့ ကမ္ဘာကျော်အနုပညာရှင်တွေရယ် ။
၂၁ ရာစုမှာ လောင်ကျွမ်းသွားတဲ့ ကဗျာဟောင်းတချို့ရယ် ............. ။
ဆူးခက်မင်း
၁၈ ၊ ဂျူလိုင် ၊ ၂၀၁၀ ။
Sunday, July 18, 2010
Friday, July 16, 2010
နတ်သမီး အတွက် တစုံတရာ
အလင်းည နတ်သမီး
ဖြာကျနေတဲ့ လရောင်အောက်မှာ
တစစီ လွင့်ဝေနေတဲ့
ငါ့ ခြေလက် အပိုင်းအစတွေ တစစီ လိုက်ကောက် ။
ငါ့ ခန္ဓာကိုယ် အထက်ပိုင်းကို
မလွတ်တမ်း ဖက်တွယ် ။
ညခိုးပြာပြာတွေ လွင့်လွင့် တက်လာ ။
ဒီတိုက်ပွဲဟာ ငါတို့အတွက်
ဘ၀တစ်ခုဖြစ်တယ် ။
တိမ်တွေကြားမှာ စိတ္တဇတွေ
ထုတ်လုပ်ပေးမယ့် စက်ရုံတစ်ခုလောက်
ဆောက် ကြ မယ် ။
တောင်ပံတွေကို ဖြန့်ထားပါ နတ်သမီးရေ ။
ပင်လယ်ကဗွီးပင်တွေက ၊ မင်းကို ကြည့်ပြီး
ငိုကောင်း ငိုနေလိမ့်မယ် ။
မီးခလုတ်တွေ ပတ်ပတ်လည် စီထားတဲ့
သော့ပေါက်ကြားက ၊ ၀ံပုလွေတစ်ကောင်
ဆာလောင်နေတဲ့ မျက်လုံးတွေနဲ့
ငါ့ကို ကြည့်နေတယ် ။
မင်းကိုင်ထားတဲ့ ကြေးနီကွင်းထဲ
ခုန်ဝင်ဖို့ ငါက ၊ ခွေးတစ်ကောင်လောက်တောင်
အစွမ်းအစ မရှိဘူး ။
မှန်ထဲက ငါက ၊ အပြင်လောက က ငါ့ကို
သနားစရာ သတ္တ၀ါတစ်ကောင်လို
ကြည့်နေ ။ သူမမှုတ်ထုတ်လိုက်တဲ့
စီးကရက်မီးခိုးငွေ့တွေက
သူမ ဖြစ်သွား ။ အပိုင်းအစတွေအဖြစ်
ကွဲအက်နေတဲ့ ကားလမ်းမဘေးမှာ
ငိုကြွေးနေတဲ့ ကလေးမတစ်ယောက်က
သူမ ဖြစ်သွား ။ ငါက ကျားသစ်တစ်ကောင်ရဲ့
မျက်လုံးမျိုးနဲ့ သူမကို ကင်မရာမှန်ဘီလူးမှတဆင့်
စိမ်းစိမ်းရဲရဲ စိုက်ကြည့်နေ ။
သဲနဲ့ ဆောက်ထားတဲ့ မြို့တော်ရဲ့
ဝိုင်ပုလင်းထဲ ၊ တိမ်တွေ အသိုက်လုပ် နေကြတယ် ။
ဒီလိုနဲ့ နေရော လရောဟာ ငါတို့ ကန်ရေပြင်ထက်က
ငါးတွေ ဖြစ်တယ် နတ်သမီးရေ ။
မျက်နှာဖုံးတွေနဲ့ ရံထားတဲ့ တံတိုင်းက
နှင်းဆီတစ်ပွင့်အတွက် လုံခြုံမှု ကောင်းကောင်း
ပေးနိုင်မှာပါ ။ Breathing Apparatus မပါပဲနဲ့တော့
Rome မြို့ကြီး မီးလောင်နေတာကို
ငြိမ်းသတ်ဖို့ မကြိုစားနဲ့ နတ်သမီး ။
မင်းလျှောက်နေတာ ၀က်ဝံလေးတစ်ကောင်ရဲ့
အိမ်ပြန်လမ်း မဟုတ်ဘူး ။ မင်းထင်သလောက်
ရိုးစင်းနေလိမ့်မယ် မဟုတ်ဘူး ။
ညာဘက်လက်က ဓားကို ကိုင်ပါ ။
ဘယ်ဘက်လက်က လက်ဝါးကပ်တိုင်ကို ကိုင်ပါ ။
မင်းကို ဘုရားသခင်နဲ့ မိစ္ဆာနတ်ဆိုးတွေ
တလှည့်စီ စောင့်ရှောက်ပါလိမ့်မယ် ။
ချောကလက်ရောင် အဘိဓမ္မာတွေ ကြီးစိုးနေတဲ့
လောကဓံက ၊ မင်းကို ကောင်းချီးပေးပါလိမ့်မယ် ။
ရေနွေးကရားထဲက ထွက်ကျလာမယ့် မီးလျှံတွေ ။
ဇယားကွက်တစ်ခုထဲ ပိတ်မိနေတဲ့ ဘ၀ထဲက
ရုန်းထွက်ဖို့ ၊ စိုက်ခင်းမှာ ပွင့်နေတဲ့
မျက်လုံးတွေကို လျစ်လျူရှုလိုက်ပါ နတ်သမီး ရေ ။
ကနူးလှေကလေးရဲ့ တစ်ဖက်တစ်ချက်မှာ
မျက်နှာချင်းဆိုင်ထိုင်ရင်း .... ။
ငါတို့ လှော်တက်တစ်ချောင်းစီကိုင်ရင်း .. ။
လောကသမုဒ္ဒရာထဲ လှော်ခတ်ကြမယ် .. ။ ........... ။

ငါတို့ လှော်တက်တစ်ချောင်းစီကိုင်ရ
လောကသမုဒ္ဒရာထဲ လှော်ခတ်ကြမယ် .. ။ ........... ။
ဆူးခက်မင်း
အမျိုးအစား
ကဗျာ
လောကဧည့်သည်
ငါက ငါ့ခြေထောက်ငါ အမြစ်ချထားတဲ့
သစ်ပင်တစ်ပင်ဖြစ်တယ် ၊ ပင်စည်ကျောရိုးမရဲ့
အလယ်တည့်တည့်မှာ လက်ဝါးကပ်တိုင် တစ်ချောင်း
“ထင်း” နေ အောင် စိုက် ထူ လို့ ။
ငါ့ကိုယ်ငါ ပြန်ရှာ မတွေ့တော့ဘူး ။
ဆာလောင်မွတ်သိပ်မှုတွေနဲ့ အသားကျနေတဲ့
မြို့ပျက်ထဲမှာ ကြယ်အပြတ်တွေ လိုက်ဖမ်း ။
ငါ ကောင်းကင်ကို ခိုးတာ မဟုတ်ဘူး ။
တယောတစ်လက်နဲ့ တိမ်တွေကို မိုးပေးဖို့
ကြိုးစားခဲ့တာ ဖြစ်တယ် ။
အပေါက်ခပ်ကျဉ်းကျဉ်းလေးထဲကနေ
ကမ္ဘာကြီး ဘာတွေ ဖြစ်နေတယ် ဆိုတာ
ခိုး ခိုး ကြည့်ရတာ ။
မပျော်ဘူးကွာ ၊ မပျော်ဘူး ။
အဲသည့် ကမ္ဘာကြီးထဲ ၀င်ရောက်ကခုန်ခွင့် ပြုပါ ။
ရာသီကြို ယဉ်ကျေးမှုတွေ မရှိတဲ့
အလယ်အလတ်တန်းစား ငရဲဘုံမှာ
ဆလိုက်မီး ခပ်မှိန်မှိန်တွေ ကြားမှာ
ပေါင်သားဖွေးဖွေးတွေ ကြားမှာ
စိမ်းရွှေရွှေ အနံ့တွေ ကြားမှာ
အယ်လ်ကိုဟောတွေကို အစာအိမ်ထဲ ထည့်လွယ်ထားတဲ့
မကောင်းမှု ဒုစရိုက်တွေကို လည်ပင်းက လော့ကက်သီးလေးထဲ
အမြတ်တနိုး ထည့်ဆွဲထားကြတဲ့
အဲသည့် အလယ်အလတ်တန်းစား ငရဲဘုံမှာ
ကပွဲလက်မှတ် မပါတဲ့ ငါ့ကို
ဝ င်ေ ရာ က် က ခု န် ခွ င့် ပြု ပါ ။
အပြုံးတုတွေ ၊ မာယာလတ်လတ်ဆတ်ဆတ်တွေ
လင်စိတ်သားစိတ် ပြင်းထန်နေတဲ့ မျက်လုံးတွေ
လင်ယူသားမွေးကိစ္စကို လွယ်လင့်တကူ
လူကြားသူကြား ဆွေးနွေးနေတဲ့ သတ္တ၀ါတချို့
လမိုင်းကို မကပ်ပါဘူးကွာ ။
လိင်ကိစ္စကို လာရာလမ်းအတိုင်းပြန်သယ်သွားဖို့ထက်
လမ်းဘေးမှာ ၊ လူသူမနီး တစ်နေရာရာမှာ
လူမြင်သူမြင် အမှောင်ခန်းထဲမှာ
လွယ်လွယ်လေးပဲ လွှတ်ချလို လွှတ်ချ ။
လိပ်စာ ပေးထားခဲ့မယ်ဆိုတဲ့ လော်လီမှုတွေ ။
လူဆိုတာ ကိုယ့်အကြောင်း ကိုယ်ပဲသိတယ် ဆိုတဲ့ သီချင်း ။
လင်းလင်းထင်းထင်း ဖြစ်သွားအောင်
လိမ္မာဖို့ လိုတယ် မိတ်ဆွေ ။
လူသားဆန်ဆန် ၊ လေလွင့်လူ လုပ်နေလိုက်တာ
လောက်လောက်လားလား ဖြစ်မှာပါ ။
အမောပြေသောက်ဖို့ မာလ်တီနီ တစ်ခွက်လောက် ရမလား ။
ငါ ကခုန်ရတာ တော်တော် မောရှနေလို့ပါ ။
အမောပြေ မပြေတော့ မသိဘူး ။
အသွေးအသားထဲ လက်ကျန်ယဉ်ကျေးမှုလေး စိမ့်ဝင်နေတာ
အဆုံးစွန်ထိ ပြေလျော့သွားတယ် ။
ကျေးဇူးပြုပြီး မီးတွေ ခဏ မှိတ်ထားပေးပါ ။
သမ္မာကျမ်းစာထဲက ဆုတောင်းရွတ်ဆိုသံတွေ ခဏ ပိတ်ထားပေးပါ ။
ငါ့ရင်ဘတ်က လက်ဝါးကပ်တိုင်ကို ဆွဲဖြုတ်ခွင့်ပြုပါ ဘုရားသခင် ။
ငါ့ခြေထောက်မှာ နွယ်တက်နေတဲ့ အရှိတရားတွေကို
မသိကျိုးကျွံပြုနေပါရစေ ။
ငါက ငါ့ခြေထောက်ငါ အမြစ်ချထားတဲ့ သစ်ပင်တစ်ပင်ဖြစ်တယ် ။

လိင်ကိစ္စကို လာရာလမ်းအတိုင်းပြန်သယ်သွား

Saturday, July 3, 2010
ပူစပ်ပူလောင် အက်ဆေး
အပူချိန်တိုးနေတဲ့ စာရွက်စာတမ်းတွေ ၊ ထာဝရ လွတ်မြောက်ရာ ၊ အပူချိန်တိုးနေတဲ့
ညနေခင်း ။ ဈေးကြီးပေးဝယ်ထားရတဲ့ ၊ ငန်းတစ်ကောင် ။ အဆုံးသတ် သေခြင်းတရား ။
တရားသော သေခြင်း ။ ဓာတ်လှေကားအစွန်းမှာ ၊ နှင်းဆီတစ်ပွင့်ထိုးပါ ။ လျှပ်စစ်မီး
အကြောင်း ဝေဖန်/အတင်းပြော ခြင်း မပြုရ ။ မျက်လုံးမှာ မြင်နေရတယ် ။ အမှားတွေ ။
အမှားတွေ ။ မြင်နေရတဲ့ အမှားတွေ ။ ကုန်ခမ်းနေတဲ့ အားအင်တွေက ပဲ့တင်သံကို အလို
မတူပဲ ကားတင်ပြေးသွား ။ လိမ္မော်ရောင် ၊ လိမ္မာသယောင်ယောင် ။ ချဲ့ကားပြောဆိုခြင်း
သည်းခံပါ ။ ခြေမတစ်ချောင်း ၊ အကျိုးသက်ရောက်မှု ၊ တစ်သျှူးဂလင်းများ ။ အင်ဂျင်တစ်လုံး
ကဲ့သို့ ပုံမှန်လည်ပတ် ။ တံဆိပ်ခေါင်းကပ်မထားသော ပစ်စာ ။ ရသလား ၊ ရမိသလား ။
မိမိရရ ရမိသလား ။ မိမိရရ ၊ တခြားသူ ရရ ။ အီလက်ထရွန်းနစ် လူမျိုး ၊ လိမ်ညာမှု ။
ကြားလား ၊ မကြားတကြားလား ။ တန်ဂိုအက “က” တတ်လား ။ ၀က်သစ်ချပင်
အောက်ကို ကြွပါ ။ အလင်း မပွင့်တပွင့်/မလွတ်တလွတ် ။ ခေါင်းစဉ် ၊ သေချာ
စဉ်းစားပြီး ပေးမယ် ။ နားဆွဲ (သို့) နားလက်စွပ် (သို့) နားဖုန်းမြည်သံ ။
ကြာကူလီတစ်ပိုင်း ယောင်္ကျားရိုင်း ၊ ဒါမှမဟုတ် မျက်ခုံးကောင်းကောင်းနဲ့ ၀ံပုလွေ ။
လူငယ်ဘ၀မှာ လွတ်လွတ်လပ်လပ် ပျံသန်းပါ ။ ( အမှားနည်းနည်း တွေ့ခဲ့မယ် ၊
တွေ့ကောင်း တွေ့ခဲ့မယ် ) ။ စေ့စပ်ကြောင်းလမ်းခြင်းဆိုင်ရာ တံခါးပေါက် ။
အ၀ါရောင် ရောင်ဝါတန်းများ ။ တိုး/ထိုး ထွက်နေ ။ အသက်အရွယ်အလိုက်
ကန့်လန့်ဖြတ် စီထားပါ ။ ကောင်းပြီ ။ နေရာကရော ၊ နေစရာကရော ။
အနည်းငယ် စူထွက်နေတဲ့ ရင်သားပေါ်မှာလား ။ အနည်းငယ် ကွေးဝင်နေတဲ့
ထောင့်ဖြတ်မျဉ်းပေါ်မှာလား ။ အခု ခင်ဗျား သက်သက်သာသာ လှဲနေလိုက်ပါ ။
သက်သက်သာသာ ငိုကြွေးနေလိုက်ပါ ။ နေရောင်ခြည်စွမ်းအင် ၊ နိုက်ထရိုဂျင် ဓာတ်ငွေ့ ၊
လယ်စောင့်တဲ ။ အကွာအဝေးကို အရေးပေါ် တိုင်းတာဖို့ ။ ဒီနှစ်ထဲမှာ မနေ့ကဆိုတဲ့ကောင်တွေ
မျက်နှာပေါက် ဆိုးလာတယ် ။ မျက်နှာ ပေါက်/စို လာတယ် ။ အနီရောင် ဆေးလွန်မှု ။ အပေါက်တွေ
စိုလာတယ် ။ နှစ်လိုဖွယ်ရာ ကျဉ်းကျဉ်းကျုတ်ကျုတ် ကျုပ် ပြင်ဆင်ထားတဲ့ စားသောက်ဖွယ်ရာ
တစ်ခုခု လိုမလား ။ ကောက်ရိုးမီး ၊ သေနတ် ခပ်သေးသေးတစ်လက်နဲ့ ၊ မျက်လုံးနှစ်လုံးကြား
အပြင်ဘက်ကို တည့်တည့်ချိန် ။ နေမွန်းတည့်ချိန် ၊ ညဥ့်ဦးတည့်ချိန် ၊ ထိုနှစ်ချိန်၏ ကြား
အပြင်ဘက်မှ တည့်တည့်ချိန် ။ အချိန်သုံးပါး ငိုကြွေးပါ ။ နြူထရွန်တစ်လုံးကို ဓာတ်ပြယ်စေခြင်း
ဖြင့် ၊ နြူကလီယာဒြပ်ပေါင်း မဖြစ်ရန် ။ စီးပွားရေးဆိုင်ရာ သာမိုမီတာ အချက်အလက် ။
ရွက်လှေနဲ့ တိုက်ရမယ် ။ ဘိန်းဖြူ ၊ ၀င်ခွင့် ၊ မှတ်စု ၊ လွယ်လွယ်ကူကူ ။ အပူချိန်တိုးနေတဲ့ အက်ဆေး ။

တွေ့ကောင်း တွေ့ခဲ့မယ် ) ။ စေ့စပ်ကြောင်းလမ်းခြင်းဆိုင

အက်ဆေး
Monday, June 14, 2010
ကိုက်လမ်း
ကိုက်လမ်း
ခါးထဲက တစ်ဆစ်ဆစ် ကိုက်တယ် ။
ခါတိုင်းက ထစ်တစ်တစ် ကိုက်သလိုမျိုး ။
ခါးထဲက တစ်ဆစ်ဆစ် ကိုက်တယ် ။
ဒီလုပ်ငန်း လုပ်ရတာ ကိုက်တယ် ။
ခွေးက လူကို ကိုက်တယ် ။
သူမက ကိုယ့်နှုတ်ခမ်းကို ကိုက်တယ် ။
ကြမ်းပိုးက ကြမ်းကိုရော လူကိုပါကိုက်တယ် ။
အိပ်မက်က ကိုယ့်ဦးနှောက်ကို ကိုက်တယ် ။
ကော်ဖီခွက်က နှုတ်ခမ်းကို ကိုက်တယ် ။
ဓားက စဉ်းတီတုံးကို ကိုက်တယ် ။
ငါးက ငါးမျှားချိတ်ကို ကိုက်တယ် ။
ခြင်က ကျွန်တော့်ကို ကိုက်တယ် ။
( လူကို ကိုက်တဲ့ခြင်က အမဖြစ်တယ် ) ။
ဘောလုံးက ခြေထောက်ကို ကိုက်တယ် ။
အိပ်ယာခင်းက ကျွန်တော်/တို့ ကို ကိုက်တယ် ။
လူက လူကို ကိုက်တယ် ။
ကမ္ဘာ့ဖလားပွဲတွေက ကျွန်တော်တို့ကို ကိုက်တယ် ။
မောင်းရောင်းတဲ့လူတွေက ကျွန်တော်တို့ရဲ့ ပိုက်ဆံတွေကို ကိုက်တယ် ။
ရာသီစာတွေက ရာသီဥတုကို ကိုက်တယ် ။
ကားစပယ်ယာတွေက အကြွေတွေကို ကိုက်တယ် ။
လေယာဉ်ပျံ စီးချင်နေတဲ့ သူငယ်တစ်ယောက်က လိုလီပေါ့ကို ကိုက်တယ် ။
သေနတ်ကိုင်ထားတဲ့ လူကြမ်းက ဆေးပေါ့လိပ်ကို ကိုက်တယ် ။
အထူးကုဆေးခန်း ဘေလ်စာရွက်က ခပ်နွမ်းနွမ်းအဒေါ်ကြီးရဲ့ မျက်လုံးကို ကိုက်တယ် ။ အင်တာနက်ကွန်ယက်တွေက အမြင်ကြည်လင်မှု ၊ ကိုယ်ကျင့်တရား ၊
လူငယ်ပီသမှု ၊ ညနက်နက်မှာ ကြားနေကျ ဂစ်တာသံတွေကို ကိုက်တယ် ။
အရက်ခွက်က ငါးပါးသီလကို ကိုက်တယ် ။
နှိုးစက်သံက ကိုယ့်မနက်ခင်းကို ကိုက်တယ် ။
ဓာတ်မြေသြဇာမလိုတဲ့ အဖြူရောင်အပင်က ကိုယ့်ဖြူစင်မှုတွေကို ကိုက်တယ် ။
သူမဆံပင် ခပ်တိုတိုက ကိုယ့်ရင်ဘတ်ကို ကိုက်တယ် ။
သေခြင်းတရားက အညစ်အကြေးအားလုံးကို ကိုက်တယ် ။
မပြောပြဘူး ဆိုတဲ့စကားက ကိုယ့်အပြုံးကို ကိုက်တယ် ။
ပြာဖြစ်သွားတဲ့ပန်းသီးက အာဒမ့်ကို ကိုက်တယ် ။
ကျဆိမ့်တစ်ခွက်က ဆုတောင်းသံတွေကို ကိုက်တယ် ။
ဘယ်သူ့ကို လွမ်းမှန်းမသိတဲ့ အလွမ်းစာသားက
ကိုယ့်သဘောထားကြီးမှုတွေကို ကိုက်တယ် ။
ရင်ငွေ့ဝေးနေတဲ့ လူငယ်တစ်ယောက်က သူ့မွေးနေ့ သူပြန်ကိုက်တယ် ။
လိုချင်တပ်မက်မှု/လိုအပ်ချက် တွေက ကိုယ့်ညီရဲ့ စာရိတ္တကို ကိုက်တယ် ။
ကိုယ့်ညီမ ကျောင်းစရိတ်ကို ကိုက်တယ် ။ ကိုက်တယ် ကိုက်တယ် ကိုက်တယ် ။
ခါတိုင်းက ထစ်တစ်တစ် ကိုက်သလိုမျိုး ။ ခါးထဲက တစ်ဆစ်ဆစ် ကိုက်တယ် ။

Friday, June 11, 2010
မင်းအတွက် ရေးတဲ့ မွေးနေ့ဆုတောင်း
မှောက်ဖို့ နီးလာပြီ ။
ဏီအဲY ဆိုတဲ့ မင်း
သေဖို့ (တစ်နှစ်) နီးလာပြီ ။
ခုရေးတာ မင်းအတွက် မွေးနေ့ ဆုတောင်း ။ ။
ဆူးခက်မင်း
အမျိုးအစား
ကဗျာ
Subscribe to:
Posts (Atom)