ဖြာကျနေတဲ့ လရောင်အောက်မှာ
တစစီ လွင့်ဝေနေတဲ့
ငါ့ ခြေလက် အပိုင်းအစတွေ တစစီ လိုက်ကောက် ။
ငါ့ ခန္ဓာကိုယ် အထက်ပိုင်းကို
မလွတ်တမ်း ဖက်တွယ် ။
ညခိုးပြာပြာတွေ လွင့်လွင့် တက်လာ ။
ဒီတိုက်ပွဲဟာ ငါတို့အတွက်
ဘ၀တစ်ခုဖြစ်တယ် ။
တိမ်တွေကြားမှာ စိတ္တဇတွေ
ထုတ်လုပ်ပေးမယ့် စက်ရုံတစ်ခုလောက်
ဆောက် ကြ မယ် ။
တောင်ပံတွေကို ဖြန့်ထားပါ နတ်သမီးရေ ။
ပင်လယ်ကဗွီးပင်တွေက ၊ မင်းကို ကြည့်ပြီး
ငိုကောင်း ငိုနေလိမ့်မယ် ။
မီးခလုတ်တွေ ပတ်ပတ်လည် စီထားတဲ့
သော့ပေါက်ကြားက ၊ ၀ံပုလွေတစ်ကောင်
ဆာလောင်နေတဲ့ မျက်လုံးတွေနဲ့
ငါ့ကို ကြည့်နေတယ် ။
မင်းကိုင်ထားတဲ့ ကြေးနီကွင်းထဲ
ခုန်ဝင်ဖို့ ငါက ၊ ခွေးတစ်ကောင်လောက်တောင်
အစွမ်းအစ မရှိဘူး ။
မှန်ထဲက ငါက ၊ အပြင်လောက က ငါ့ကို
သနားစရာ သတ္တ၀ါတစ်ကောင်လို
ကြည့်နေ ။ သူမမှုတ်ထုတ်လိုက်တဲ့
စီးကရက်မီးခိုးငွေ့တွေက
သူမ ဖြစ်သွား ။ အပိုင်းအစတွေအဖြစ်
ကွဲအက်နေတဲ့ ကားလမ်းမဘေးမှာ
ငိုကြွေးနေတဲ့ ကလေးမတစ်ယောက်က
သူမ ဖြစ်သွား ။ ငါက ကျားသစ်တစ်ကောင်ရဲ့
မျက်လုံးမျိုးနဲ့ သူမကို ကင်မရာမှန်ဘီလူးမှတဆင့်
စိမ်းစိမ်းရဲရဲ စိုက်ကြည့်နေ ။
သဲနဲ့ ဆောက်ထားတဲ့ မြို့တော်ရဲ့
ဝိုင်ပုလင်းထဲ ၊ တိမ်တွေ အသိုက်လုပ် နေကြတယ် ။
ဒီလိုနဲ့ နေရော လရောဟာ ငါတို့ ကန်ရေပြင်ထက်က
ငါးတွေ ဖြစ်တယ် နတ်သမီးရေ ။
မျက်နှာဖုံးတွေနဲ့ ရံထားတဲ့ တံတိုင်းက
နှင်းဆီတစ်ပွင့်အတွက် လုံခြုံမှု ကောင်းကောင်း
ပေးနိုင်မှာပါ ။ Breathing Apparatus မပါပဲနဲ့တော့
Rome မြို့ကြီး မီးလောင်နေတာကို
ငြိမ်းသတ်ဖို့ မကြိုစားနဲ့ နတ်သမီး ။
မင်းလျှောက်နေတာ ၀က်ဝံလေးတစ်ကောင်ရဲ့
အိမ်ပြန်လမ်း မဟုတ်ဘူး ။ မင်းထင်သလောက်
ရိုးစင်းနေလိမ့်မယ် မဟုတ်ဘူး ။
ညာဘက်လက်က ဓားကို ကိုင်ပါ ။
ဘယ်ဘက်လက်က လက်ဝါးကပ်တိုင်ကို ကိုင်ပါ ။
မင်းကို ဘုရားသခင်နဲ့ မိစ္ဆာနတ်ဆိုးတွေ
တလှည့်စီ စောင့်ရှောက်ပါလိမ့်မယ် ။
ချောကလက်ရောင် အဘိဓမ္မာတွေ ကြီးစိုးနေတဲ့
လောကဓံက ၊ မင်းကို ကောင်းချီးပေးပါလိမ့်မယ် ။
ရေနွေးကရားထဲက ထွက်ကျလာမယ့် မီးလျှံတွေ ။
ဇယားကွက်တစ်ခုထဲ ပိတ်မိနေတဲ့ ဘ၀ထဲက
ရုန်းထွက်ဖို့ ၊ စိုက်ခင်းမှာ ပွင့်နေတဲ့
မျက်လုံးတွေကို လျစ်လျူရှုလိုက်ပါ နတ်သမီး ရေ ။
ကနူးလှေကလေးရဲ့ တစ်ဖက်တစ်ချက်မှာ
မျက်နှာချင်းဆိုင်ထိုင်ရင်း .... ။
ငါတို့ လှော်တက်တစ်ချောင်းစီကိုင်ရ
လောကသမုဒ္ဒရာထဲ လှော်ခတ်ကြမယ် .. ။ ........... ။
ဆူးခက်မင်း
0 မှတ်ချက်များ:
Post a Comment