Pages

Subscribe:

Sunday, July 25, 2010

လမ်းဘေးစကား ၊ လမ်းဘေးကဗျာ ၊ လမ်းဘေးကဗျာဆရာ

11.7.2010 မှာ ပြုလုပ်ခဲ့တဲ့ လင်းပွင့်လက်များရဲ့  တစ်နှစ်ပြည့်
ကဗျာရွတ်ပွဲမှာ
ကျနော်နဲ့ နေ့သစ် ညီအစ်ကို နှစ်ဦး ရွတ်ဆိုခဲ့တဲ့ ကဗျာလေး ဖြစ်ပါတယ် ။
ကဗျာဆရာ ဘာလဲ/ဘယ်လဲ ဆိုတာ ၊ ညီအစ်ကို နှစ်ယောက် ဆွေးနွေးကြပုံလေးနဲ့
ရေးသား ဖြစ်ခဲ့တာပါ ။ လမ်းဘေး လက်ဖက်ရည်ဆိုင်လေး ထိုင်ရင်း
လမ်းဘေးစကားအဖြစ်နဲ့ လမ်းဘေးကဗျာဆရာတွေ ဘာတွေ ပြောဖြစ်ခဲ့ကြသလဲ ဆိုတာ ..
.................................................................................................





လမ်းဘေးစကား ၊ လမ်းဘေးကဗျာ ၊ လမ်းဘေးကဗျာဆရာ






မီးတစ်ပွင့်လင်းဖို့ စတေးခံလိုက်ရတဲ့

အစမ်းသပ်ခံပစ္စည်းစာရင်းထဲမှာ

ငါတို့ ညီအစ်ကိုတွေ မပါစေရဘူး ညီလေး ။




အစ်ကိုရေ ... ကျွန်တော်တို့ လျှောက်နေတာ

အေးအေးဆေးဆေး လမ်း ။




လွယ်လွယ်နဲ့တော့ ပန်းတွေ ပွင့်မလာကြဘူးဆိုပေမယ့်

ငါတို့ဟာ ဥယျာဉ်မှူး စစ်စစ်တွေ ဖြစ်တယ် ။




ရှေ့ မှာက ဂငယ်ကွေ့ တွေအများကြီး

အစ်ကိုရေ ...

ကျွန်တော်တို့ လည်း နွေရာသီကို ကြုံရဦးမယ်။




ဒီမယ် ငါ့ညီ ၊ ကဗျာဆရာဆိုတဲ့ ဘ၀က

ထင်သလောက် မချိုမှန်း ၊ ဖက်ကြမ်းကောက်ဖွာရင်း

ဆွေးနွေးကြည့်ရအောင်လား ။




ကဗျာဆရာဆိုတာ

လက်ဖက်ရည်ဆိုင်ပုပု

ခွေးခြေပုပု၊ဂုဏ်သိက္ခာပုပုတွေနဲ့ 

လောကတရားကို လက်တည့်စမ်းနေတဲ့သူတွေများလား အစ်ကို။




မဟုတ်သေးဘူး ညီလေး ရေ ၊ လွယ်အိတ်တစ်လုံးထဲ

ဂုဏ်သိက္ခာတွေ ထိုးထည့် ၊ မော့တော့မော့တော့နဲ့

ဖိနပ်ပါးအောင် လမ်းလျှောက်နေတတ်တဲ့ လူတန်းစားတစ်ရပ် ။




ဒါဆိုရင်

သူတို့ ဟာ ရပ်နေတဲ့ မော်တော်ကားတွေ မဟုတ်ကြဘူးပေါ့။




ဤခရီး နီးသလား ပေါ့ ညီလေးရာ ။

လမ်းလျှောက်တွေးခေါ်ခြင်းဆိုတာက ဖွံ့ဖြိုးဆဲရင်ဘတ်တွေအတွက်

ကျန်းမာရေးနဲ့ ညီညွတ်စေတယ်လေ ။




အစ်ကိုရေ

မြို့ ပြမှာအမေ့နို့ ကို ပြန်စို့ ရဖို့ 

ကျွန်တော်တို့ မှာ လရောင်ချို့ တဲ့နေသလား။




လေထဲလမ်းလျှောက်နေကျ ဆိုတော့လည်း

ခလုတ်တိုက်မှာ မပူရဘူး ညီလေးရေ ။

ဖိနပ်တွေလိုမျိုး အစာအိမ်တွေက လိုက် “ပါး” ။

ဒီအချိန်ဆို အမေ တို့ကို မျှော်နေမလားပဲ ။




ခက်တယ် အစ်ကိုရယ်

လူတွေက ဘာလို့ များ

အဆင်လှတဲ့ပစ္စည်းကိုမှ ၀ယ်ကြတာလဲ။




အမေ၀ယ်ပေးထားတဲ့ စက္ကူနွားရုပ်လေး

မှတ်မိသေးလား ညီလေး ။

တို့ ညီအစ်ကို ဆော့နေကျလေ ။

ခုတော့လည်း ရီမုကွန်ထရိုးနဲ့

မောင်းရတဲ့ ကားလှလှလေးတွေကြားမှာ

စက္ကူနွားရုပ်လေး မှိုစော်နံနေလောက်ပြီ ။

ငါတို့လည်း

ကိုယ့်အင်္ကျီ ကိုယ်ငုံ့ နမ်းကြည့်ဖို့ လိုနေပြီထင်တယ် ညီလေးရေ ။




ကျွန်တော့် အင်္ကျီမှာတော့

ဟော့ဟော့ရမ်းရမ်းနေတတ်တဲ့ ကြယ်သီးတွေ ရှိနေပြီ

စက္ကူနွားလေးနဲ့ သွားရတဲ့ ဒီခရီး

မနီးသေးဘူး အစ်ကို။




ကော်လာပေါ်က နှုတ်ခမ်းနီရာတွေ

သုတ်လိုက်ပါဦး ငါ့ညီရာ ။

ဒါမျိုးတွေ ဆိုတာက ငါတို့လို လူတန်းစားတွေနဲ့

ပြဒါးတစ်လမ်း သံတစ်လမ်းဖြစ်တယ် ။

သံသေလို့ ပြဒါးဖြစ်မယ့်နေ့ကို

ဖိနပ်ပါးပါးလေးတွေ ကိုယ်စီ စီးရင်း

စောင့်နေကြရုံပေါ့ ။




ကျွန်တော် ခေါင်းမမော့ချင်ဘူး

ရင်မကော့ချင်ဘူး၊

ဖြစ်နိုင်ရင် ငရဲမီးတွေကြား ဆော့နေလိုက်ချင်တယ်၊

ကဗျာဆရာ ဆိုတာ

ကိုယ့်ကိုယ်ကို စိတ်နာနေတဲ့လူမဟုတ်လား။





လွဲနေပြီ ငါ့ညီ ။

တစ်ခုခုတော့ လွဲနေပြီ ။

ကဗျာဆရာ ဆိုတာက ကိုယ့်ကိုယ်ကိုယ်

ပြန် ညှဉ်းဆဲနေတတ်တဲ့ သတ္တ၀ါတစ်မျိုးဆိုတာ

အတိုက်အခံလုပ်ပြီး ငြင်းမနေတော့ဘူး ။




ဟုတ်တယ်

ကိုယ်လျှောက်တဲ့လမ်းမှာ

ကိုယ့်လိပ်ပြာနဲ့ ကိုယ် ခမ်းနားနေဖို့ သာ အဓိက။




ဒါပေါ့ ညီလေးရယ် ။

ဖောင်တိန်ကိုင်ပြီး လမ်းဘေးအုတ်ခုံထိုင်နေရုံနဲ့လည်း

ကိုယ့်ပရိသတ်နဲ့ကိုယ် ဘုရင်ဖြစ်တယ် ။




ကဗျာဟာ ငွေဝယ်ကျွန်မဟုတ်ဘူး

ကဗျာဟာ အပျင်းပြေစကားပုံမဟုတ်ဘူး

ကဗျာဟာ ထွေရာလေးပါးရေနွေးကြမ်းတစ်ခွက်မဟုတ်ဘူး

အစ်ကိုရေ တကယ်တော့

ကဗျာဟာ ဘာဆိုဘာမှ မဟုတ်ဘူးလေ။




ဟုတ်တယ် ညီလေးရေ ။

ကဗျာဟာ ဘာဆိုဘာမှ မဟုတ်ဘူး။

ဒါ့အပြင် ကဗျာဟာ အရာအားလုံးလည်း ဖြစ်တယ် ။

အရာအားလုံး နဲ့ ဘာဆိုဘာမှမဟုတ် ဆိုတဲ့

ကမ်းပါးစွန်း နှစ်ဖက်မှာ

ညီတူမျှတူ ရပ်ကြတာပေါ့ ငါ့ညီ ။




လမ်းပေါ်မှာ

လမ်းသွားလမ်းလာတွေ အများကြီး

ခရီးတူတာရှိမယ်၊မတူတာရှိမယ်၊

အပါယ်တံခါးမပိတ်နိုင်တဲ့ လူ့ ဘ၀မှာ

တစ်ချို့ က ဘာလို့ များ

တစ်ယောက်ကိုတစ်ယောက်

ဇယ်တောက်တမ်းကစားချင်ရတာလဲ အစ်ကို။




အစ်ကို နှာစေးနေတယ် ညီလေးရေ ။

နှာခေါင်းသံ တရွှီရွှီနဲ့ ပြောရရင်တော့

လောကဓမ္မတာ ဆိုတာကြီးကိုပဲ

အပြစ်ပုံချရမယ် ထင်တယ် ။




ထားပါလေ

လူဆိုတာ ...

ကိုယ့်ဈာပနကိုယ်လိုက်ပို့ နိုင်တဲ့သူတွေမှမဟုတ်တာ

ကျွန်တော်ကတော့

ခေါင်းကို ကျော့နေအောင်ဖြီးပြီး

လောကဓံကို လေထီးလုပ်စီးနေလိုက်မယ်။




ဖြစ်တတ်ပါတယ် ငါ့ညီ ။

ဖြစ်ချင်တာတွေ ဖြစ်ချင်သလိုဖြစ်နေတဲ့

လောက ဆိုတဲ့ အိမ်အိုကြီးက

အဟောင်းအမြေ့တွေကို အရာမသွင်းတတ်တဲ့

တို့ ညီအစ်ကိုတွေနဲ့ သိပ်တော့အဆင်မပြေလှဘူး ။




အဆင်မပြေလှပါဘူး အစ်ကိုရယ်

ရာစုသစ်ခရီးက

စွန့် ပစ်ပစ္စည်းတွေ များသထက်များလာတယ်

တစ်ချို့ များ ညနေစာကို

စာရိတ္တနဲ့ ဝယ်စားကြသတဲ့။




လူတိုင်း ကဗျာဆရာ ဖြစ်နေကြမယ်ဆိုရင်

လူတိုင်း အစာအိမ်ဟောင်းလောင်းနဲ့

နေနိုင်ကြမယ် ထင်တယ် ။

စာရိတ္တပါးမှာကို အစာအိမ်ပါးမှာထက်

ပိုကြောက်တတ်ကြတဲ့ ၊ ကဗျာဆရာတွေရဲ့ ဓလေ့က

ချစ်ဖို့ကောင်းပါတယ် ငါ့ညီ ။




ဒါဟာ ပီပြင်တဲ့ စစ်မက်ပေါ့

တကယ်တော့

ကျွန်တော်က လောကဓမ္မတာကို

လက်ခုပ်တီးပြီး အားပေးနေချင်တာ။





လေကို ဓားနဲ့ ခုတ်ရတာ ပင်ပန်းပါတယ်ကွာ ။

ငါတို့ ပတ်ဝန်းကျင်မှာ ဝေ့၀ဲနေတဲ့

လိုချင်တပ်မက်မှုတွေကို လေလို ရှူသွင်း ။

သက်ပြင်းပါးပါးလေး ချလိုက်ကြရအောင် ။




မဟုတ်ဘူး အစ်ကို

ကျွန်တော်ကတော့ အသော့နှင်နေတဲ့တိမ်တိုက်တွေကြား

နေရောင်ကို စားနေဦးမှာပဲ၊

လေရှူပုံမှားရင် မှားနေလိမ့်မယ်။




ဟော ...

ပြောရင်းဆိုရင်း လေနီကြမ်းတွေ တိုက်လာပြီ ။

အမေ စိတ်ပူနေရော့မယ် ။

ကျောမှာ ပိုးထားတဲ့ ဗျာပါဒတွေ ပစ်ချ ။

လက်ချင်းတွဲပြီး အိမ်ပြန်ကြစို့ကွာ ။







--ဆူးခက်မင်း၊နေ့ သစ်-

0 မှတ်ချက်များ:

Post a Comment