Pages

Subscribe:

Saturday, July 31, 2010

ပြတိုက် ထဲ/ရှေ့ က အရုပ်

ပြတိုက် ထဲ/ရှေ့ က အရုပ်





သူမက ဓားတစ်ချောင်း ကမ်းပေးတယ် ။ မျက်ရည်တွေ “လွင့်” .. “လွင့်”

ကျလာလိုက်ပုံများ ။ ကျွန်တော် နှုတ်ခမ်းကို ကိုက်ထားမိသလား ။ ပထမဆုံး

အကြိမ် နမ်းခဲ့တုန်းကလိုမျိုး ပြန်ခံစားမိရတယ် ။ သူမက ဓားတစ်ချောင်းလို

“မြ” နေအောင် ပြုံးတယ် ။ ကြယ်တွေ အိပ်တန်းတက်တော့မယ် အရုပ်မ ရဲ့ ။

ကျွန်တော် ဓားသွေးကျောက်ပေါ် ကျောခင်း အိပ်လိုက်တယ် ။ ကျနော့်ကို

“သွေး” ပါ အရုပ်မ ရေ ။ သွေးတွေ ဖြိုင်ဖြိုင် ရွာတဲ့ထိ “သွေး” ပါ ။ ခင်ဗျားက

ပြတိုက်ထဲက အရုပ်မ ဖြစ်တယ် ။ အရင်စိတ်မျိုးနဲ့ဆို သူ နေရာမှာတင် ငိုချလိုက်

မိမှာ အမှန်ပဲ ။ ခုတော့ ကျွန်တော် မငိုဘူး အရုပ်မ ရေ ။ သူမက ပြတိုက်မှူးရဲ့

ထိန်းသိမ်းစောင့်ရှောက်မှုကြောင့် ဖုန်တစ်မျှင်မျှ ကပ်ငြိခြင်း မရှိ ။ ၀ံ့ဝံ့ကြွားကြွားလေး

လှနေတယ် ။ သူ ဘာလုပ်သင့်သလဲ ။ ကျွန်တော် မသိတော့ဘူး အရုပ်မရယ် ။

သူမ အရာရာ အဆင်ပြေပါစေ ။ ပြတိုက်မှူးက သူမကို တစ်နေ့နှစ်ကြိမ် ရေချိုးပေးတယ် ။

ကျွန်တော်က ယဉ်ကျေးမှု အငွေ့အသက် မကောင်းတဲ့ကောင် ဆိုတော့ ပြတိုက်

အပြင်ဘက်မှာပဲ နေတယ် ။ ဓားကို ပြန်သိမ်းထားလိုက်ပါ အရုပ်မရေ ။ သူမ ဓားတစ်ချောင်း

လို “မြ” နေအောင် ပြုံးပြန်တယ် ။ “သွေး” ပါ ။ ကျွန်တော့်ကိုယ်ထဲက ဗီဇအရိုင်းတွေ

“ပါး” သွားတဲ့ထိ “သွေး” ပါ ။ သူ အရူးတစ်ယောက်လို အော်ဟစ်နေတယ် ။

သူမ ကြားသလား ။ ပြတိုက် ပြူတင်းပေါက်တွေ ဖွင့်ထားပေးပါ ။ ကျွန်တော့် အသံစနစ်က

ပြတိုက်နံရံတွေကို ဖောက်ထွင်းသွားနိုင်မယ် မထင်ဘူး ။ လေလုံမိုးလုံ အခန်းထဲ

အရုပ်မ အသက်ရှူ ၀ပါ့မလား ။ ပြတိုက် ပြူတင်းပေါက်တွေ ဖွင့်ထားပေးပါ ။

အဲသည့် ဓားကို ကျွန်တော့် နောက်ကျောမှာ ၀ှက်ထားပေးပါ ။ သူ တောင်စဉ်ရေမရ

ရေရွတ်နေမိတယ် ။ သူမ သူ့နောက်နားမှာ ပုန်းလျှိုးကွယ်လျှိုး ရပ်ရင်း ပြုံးတယ် ။

ခင်ဗျား ဘယ်မှာလဲ အရုပ်မ ။ ပြတိုက်နံရံတွေပေါ် ပန်းချီကား တစ်ချပ်လို တွယ်ကပ်နေမှာလား ။

ဒါမှမဟုတ် ၊ ပါရီမြို့ရဲ့ အေးအေးချမ်းချမ်း ညနေခင်းမှာ ကော်ဖီဆိုင်ထဲ အေးအေးချမ်းချမ်း

ထိုင်နေမှာလား ။ ဒါမှမဟုတ် ၊ ခင်ဗျားရဲ့ မက်လက်စ အိပ်မက်တွေကို ရေလောင်းပေါင်းသင်

နေမှာလား ။ ဒါမှမဟုတ် ၊ ခင်ဗျား ဘယ်မှာလဲ အရုပ်မ ရေ ။ သူ့ အရုပ်မက ပြတိုက်မှာနေတယ် ။

ကျွန်တော်က ပြတိုက်ရဲ့ သန့်စင်ခန်းသာသာ ကျယ်ဝန်းတဲ့ အခန်းစုတ်လေးထဲ နေတယ် ။

သူ ပြတိုက်ရှေ့ အုတ်ခုံလေးမှာထိုင်ရင်း တစ်နေ့တာ ကုန်ဆုံးတယ် ။ ခင်ဗျားက ပြတိုက်ထဲ

(ပြုံးပြုံးလေး) ခါးထောက် ရပ်နေတယ် ။ ပြတိုက် ပြူတင်းပေါက်တွေ ဖွင့်ထားပေးပါ ။

သူ ခင်ဗျားကို မတော်တဆ မြင်ရမယ့် တစ်နေရာရာကနေ ငေးကြည့်နေပါလိမ့်မယ် ။

ပြတိုက် ဘယ်အချိန် ပိတ်မှာလဲ လို့ ကျွန်တော် အရုပ်မကို မေးလိုက်တယ် ။

သူ ညည ဆို ခင်ဗျားကို သီချင်း ဆိုပြလိမ့်မယ် ။ ကျွန်တော် ဂစ်တာ မတီးတတ်ဘူး အရုပ်မရဲ့ ။

သူ သူမကို အိပ်မက်လှလှ မက်ပါစေလို့ ဆုတောင်းပေးတယ် ။ အရုပ်မ အိပ်ရင်ရော

ပြုံးနေတတ်လား ။ ခင်ဗျား ပြောလေ ။ ဟင့်အင်း ၊ သူ မသိဘူး ။ ကျွန်တော် မသိလို့ မေးတာပါ ။

အရုပ်မ ၊ ခင်ဗျား ဆံပင်တွေ အရမ်းလှတယ် ။ နောက်ပြီး သူမ မျက်နှာထားတင်းတင်း က တော်တော်

ကြည့်ကောင်းတယ် ။ ဟင့်အင်း မဟုတ်ဘူး ၊ မဟုတ်ဘူး ။ ကျွန်တော် သူမကို ငေးကြည့်နေချင်တာ

သက်သက်ပါ ။ သူ အရုပ်မကို ပိုင်ဆိုင်ဖို့ ကြိုးစားနေတယ် ။ ကျေးဇူးပြုပြီး ပြောပါရစေ ။

ကျွန်တော် ခင်ဗျားကို ချစ်တယ် ။ သူ သူမကို ချစ်တယ် ။ ကျွန်တော် အရုပ်မကို ချစ်တယ် ။

သူ ခင်ဗျားကို ချစ်တယ် ။ ကျွန်တော် သူမကို ချစ်တယ် ။ သူ အရုပ်မကို ချစ်တယ် ။ ကျွန်တော်

သူမကို ချစ်တယ် ။ အရင်လိုပဲ ပြုံးနေပါ ။ သူ့ကြောင့် သူမ စိတ်ညစ်သွားပြီလား ။ ကျွန်တော်

ပြန်မရုပ်သိမ်းပေးနိုင်ဘူး အရုပ်မ ။ သူ အခန်းကျဉ်းလေးထဲက ပြူတင်းပေါက်တွေ တွန်းဖွင့်လိုက်တယ် ။

ကျွန်တော် ခင်ဗျားကို အသက် ၀၀ ရှူစေချင်တယ် ။ လိုက်ခဲ့ အရုပ်မ ၊ လိုက်ခဲ့ ။ သူ သူမကို

ကမ္ဘာအသေးစားလေး တစ်ခုထဲ ဆွဲခေါ် ရှင်သန်စေဖို့ သိမ်ငယ်စွာ တွေးတောနေတယ် ။

အရုပ်မ ပြတိုက်ထဲကနေ ကပိုကရို ၊ လှလှပပလေး ထွက်လာတယ် ။ ကျွန်တော့်နား ရောက်လာတယ် ။

သူ ဘယ်လို ခံစားမှုမျိုးနဲ့မှ နှိုင်းယှဉ်မရအောင် တလှပ်လှပ် ပျော်သွားတယ် ။ လာပါ အရုပ်မ ၊

ကျွန်တော့်နား လာပါ ။ သေးငယ်သိမ်နုပ်တဲ့ ကမ္ဘာအသေးစားလေးထဲ ပျော်ဝင်လှည့်ပါ ။

သူမ သူ့အနား ရောက်လာတယ် ။ လက်ထဲမှာ ကျစ်ကျစ်ပါအောင် ဆုပ်ထားတဲ့ ဓားတစ်ချောင်း နဲ့ ။

အရုပ်မ မထေမဲ့မြင် ပြုံးလိုက်တယ် (ထင်တယ်) ။ ကျွန်တော် တစ်ခုခုကို စိုးရွံ့စွာ ဘုရား “တ” မိလိုက်တယ် ။

ရင်ဘတ်ထဲမှာ ပူခနဲ ။ သူ့နောက်ကျောဘက်က (သူမကိုယ်တိုင်) နှုတ်ခဲ့တဲ့ ဓားနဲ့ ၊ သူ့ရင်ဘတ်ကို

(သူမကိုယ်တိုင်) ထိုးစိုက်ပစ်လိုက်တယ် ။ ပြီးသွားပါပြီ အရုပ်မ ။ ပြီးသွားပါပြီ ။ ခင်ဗျား တိုက်ခဲ့တဲ့

ကျိန်စာအတိုင်း ကျွန်တော် ခင်ဗျားပြတိုက်ရှေ့မှာ စောင့်တဲ့ အရုပ်တစ်ခု ဖြစ်နေပါပြီ ။

လာရာလမ်းအတိုင်း ကပိုကရို ၊ လှလှပပလေး ပြန်ဝင်သွားပါ ။ သူမရဲ့ ပြတိုက်ရှေ့မှာ သူ အရုပ်တစ်ရုပ်

အဖြစ်နဲ့ အမြဲ ရှိနေမှာ သေချာပါတယ် ။ ကျွန်တော် ကတိပေးပါတယ် အရုပ်မ ။ ခင်ဗျားရဲ့

ပြတိုက် ဂေဟာ ရှေ့မှာ အမြဲ ရှိနေမယ် ဆိုတာ .......................... ...... ။




ဆူးခက်မင်း


Sunday, July 25, 2010

လမ်းဘေးစကား ၊ လမ်းဘေးကဗျာ ၊ လမ်းဘေးကဗျာဆရာ

11.7.2010 မှာ ပြုလုပ်ခဲ့တဲ့ လင်းပွင့်လက်များရဲ့  တစ်နှစ်ပြည့်
ကဗျာရွတ်ပွဲမှာ
ကျနော်နဲ့ နေ့သစ် ညီအစ်ကို နှစ်ဦး ရွတ်ဆိုခဲ့တဲ့ ကဗျာလေး ဖြစ်ပါတယ် ။
ကဗျာဆရာ ဘာလဲ/ဘယ်လဲ ဆိုတာ ၊ ညီအစ်ကို နှစ်ယောက် ဆွေးနွေးကြပုံလေးနဲ့
ရေးသား ဖြစ်ခဲ့တာပါ ။ လမ်းဘေး လက်ဖက်ရည်ဆိုင်လေး ထိုင်ရင်း
လမ်းဘေးစကားအဖြစ်နဲ့ လမ်းဘေးကဗျာဆရာတွေ ဘာတွေ ပြောဖြစ်ခဲ့ကြသလဲ ဆိုတာ ..
.................................................................................................





လမ်းဘေးစကား ၊ လမ်းဘေးကဗျာ ၊ လမ်းဘေးကဗျာဆရာ






မီးတစ်ပွင့်လင်းဖို့ စတေးခံလိုက်ရတဲ့

အစမ်းသပ်ခံပစ္စည်းစာရင်းထဲမှာ

ငါတို့ ညီအစ်ကိုတွေ မပါစေရဘူး ညီလေး ။




အစ်ကိုရေ ... ကျွန်တော်တို့ လျှောက်နေတာ

အေးအေးဆေးဆေး လမ်း ။




လွယ်လွယ်နဲ့တော့ ပန်းတွေ ပွင့်မလာကြဘူးဆိုပေမယ့်

ငါတို့ဟာ ဥယျာဉ်မှူး စစ်စစ်တွေ ဖြစ်တယ် ။




ရှေ့ မှာက ဂငယ်ကွေ့ တွေအများကြီး

အစ်ကိုရေ ...

ကျွန်တော်တို့ လည်း နွေရာသီကို ကြုံရဦးမယ်။




ဒီမယ် ငါ့ညီ ၊ ကဗျာဆရာဆိုတဲ့ ဘ၀က

ထင်သလောက် မချိုမှန်း ၊ ဖက်ကြမ်းကောက်ဖွာရင်း

ဆွေးနွေးကြည့်ရအောင်လား ။




ကဗျာဆရာဆိုတာ

လက်ဖက်ရည်ဆိုင်ပုပု

ခွေးခြေပုပု၊ဂုဏ်သိက္ခာပုပုတွေနဲ့ 

လောကတရားကို လက်တည့်စမ်းနေတဲ့သူတွေများလား အစ်ကို။




မဟုတ်သေးဘူး ညီလေး ရေ ၊ လွယ်အိတ်တစ်လုံးထဲ

ဂုဏ်သိက္ခာတွေ ထိုးထည့် ၊ မော့တော့မော့တော့နဲ့

ဖိနပ်ပါးအောင် လမ်းလျှောက်နေတတ်တဲ့ လူတန်းစားတစ်ရပ် ။




ဒါဆိုရင်

သူတို့ ဟာ ရပ်နေတဲ့ မော်တော်ကားတွေ မဟုတ်ကြဘူးပေါ့။




ဤခရီး နီးသလား ပေါ့ ညီလေးရာ ။

လမ်းလျှောက်တွေးခေါ်ခြင်းဆိုတာက ဖွံ့ဖြိုးဆဲရင်ဘတ်တွေအတွက်

ကျန်းမာရေးနဲ့ ညီညွတ်စေတယ်လေ ။




အစ်ကိုရေ

မြို့ ပြမှာအမေ့နို့ ကို ပြန်စို့ ရဖို့ 

ကျွန်တော်တို့ မှာ လရောင်ချို့ တဲ့နေသလား။




လေထဲလမ်းလျှောက်နေကျ ဆိုတော့လည်း

ခလုတ်တိုက်မှာ မပူရဘူး ညီလေးရေ ။

ဖိနပ်တွေလိုမျိုး အစာအိမ်တွေက လိုက် “ပါး” ။

ဒီအချိန်ဆို အမေ တို့ကို မျှော်နေမလားပဲ ။




ခက်တယ် အစ်ကိုရယ်

လူတွေက ဘာလို့ များ

အဆင်လှတဲ့ပစ္စည်းကိုမှ ၀ယ်ကြတာလဲ။




အမေ၀ယ်ပေးထားတဲ့ စက္ကူနွားရုပ်လေး

မှတ်မိသေးလား ညီလေး ။

တို့ ညီအစ်ကို ဆော့နေကျလေ ။

ခုတော့လည်း ရီမုကွန်ထရိုးနဲ့

မောင်းရတဲ့ ကားလှလှလေးတွေကြားမှာ

စက္ကူနွားရုပ်လေး မှိုစော်နံနေလောက်ပြီ ။

ငါတို့လည်း

ကိုယ့်အင်္ကျီ ကိုယ်ငုံ့ နမ်းကြည့်ဖို့ လိုနေပြီထင်တယ် ညီလေးရေ ။




ကျွန်တော့် အင်္ကျီမှာတော့

ဟော့ဟော့ရမ်းရမ်းနေတတ်တဲ့ ကြယ်သီးတွေ ရှိနေပြီ

စက္ကူနွားလေးနဲ့ သွားရတဲ့ ဒီခရီး

မနီးသေးဘူး အစ်ကို။




ကော်လာပေါ်က နှုတ်ခမ်းနီရာတွေ

သုတ်လိုက်ပါဦး ငါ့ညီရာ ။

ဒါမျိုးတွေ ဆိုတာက ငါတို့လို လူတန်းစားတွေနဲ့

ပြဒါးတစ်လမ်း သံတစ်လမ်းဖြစ်တယ် ။

သံသေလို့ ပြဒါးဖြစ်မယ့်နေ့ကို

ဖိနပ်ပါးပါးလေးတွေ ကိုယ်စီ စီးရင်း

စောင့်နေကြရုံပေါ့ ။




ကျွန်တော် ခေါင်းမမော့ချင်ဘူး

ရင်မကော့ချင်ဘူး၊

ဖြစ်နိုင်ရင် ငရဲမီးတွေကြား ဆော့နေလိုက်ချင်တယ်၊

ကဗျာဆရာ ဆိုတာ

ကိုယ့်ကိုယ်ကို စိတ်နာနေတဲ့လူမဟုတ်လား။






တစ်ခုခုတော့ လွဲနေပြီ ။

ကဗျာဆရာ ဆိုတာက ကိုယ့်ကိုယ်ကိုယ်

ပြန် ညှဉ်းဆဲနေတတ်တဲ့ သတ္တ၀ါတစ်မျိုးဆိုတာ

အတိုက်အခံလုပ်ပြီး ငြင်းမနေတော့ဘူး ။




ဟုတ်တယ်

ကိုယ်လျှောက်တဲ့လမ်းမှာ

ကိုယ့်လိပ်ပြာနဲ့ ကိုယ် ခမ်းနားနေဖို့ သာ အဓိက။




ဒါပေါ့ ညီလေးရယ် ။

ဖောင်တိန်ကိုင်ပြီး လမ်းဘေးအုတ်ခုံထိုင်နေရုံနဲ့လည်း

ကိုယ့်ပရိသတ်နဲ့ကိုယ် ဘုရင်ဖြစ်တယ် ။




ကဗျာဟာ ငွေဝယ်ကျွန်မဟုတ်ဘူး

ကဗျာဟာ အပျင်းပြေစကားပုံမဟုတ်ဘူး

ကဗျာဟာ ထွေရာလေးပါးရေနွေးကြမ်းတစ်ခွက်မဟုတ်ဘူး

အစ်ကိုရေ တကယ်တော့

ကဗျာဟာ ဘာဆိုဘာမှ မဟုတ်ဘူးလေ။




ဟုတ်တယ် ညီလေးရေ ။

ကဗျာဟာ ဘာဆိုဘာမှ မဟုတ်ဘူး။

ဒါ့အပြင် ကဗျာဟာ အရာအားလုံးလည်း ဖြစ်တယ် ။

အရာအားလုံး နဲ့ ဘာဆိုဘာမှမဟုတ် ဆိုတဲ့

ကမ်းပါးစွန်း နှစ်ဖက်မှာ

ညီတူမျှတူ ရပ်ကြတာပေါ့ ငါ့ညီ ။




လမ်းပေါ်မှာ

လမ်းသွားလမ်းလာတွေ အများကြီး

ခရီးတူတာရှိမယ်၊မတူတာရှိမယ်၊

အပါယ်တံခါးမပိတ်နိုင်တဲ့ လူ့ ဘ၀မှာ

တစ်ချို့ က ဘာလို့ များ

တစ်ယောက်ကိုတစ်ယောက်

ဇယ်တောက်တမ်းကစားချင်ရတာလဲ အစ်ကို။




အစ်ကို နှာစေးနေတယ် ညီလေးရေ ။

နှာခေါင်းသံ တရွှီရွှီနဲ့ ပြောရရင်တော့

လောကဓမ္မတာ ဆိုတာကြီးကိုပဲ

အပြစ်ပုံချရမယ် ထင်တယ် ။




ထားပါလေ

လူဆိုတာ ...

ကိုယ့်ဈာပနကိုယ်လိုက်ပို့ နိုင်တဲ့သူတွေမှမဟုတ်တာ

ကျွန်တော်ကတော့

ခေါင်းကို ကျော့နေအောင်ဖြီးပြီး

လောကဓံကို လေထီးလုပ်စီးနေလိုက်မယ်။




ဖြစ်တတ်ပါတယ် ငါ့ညီ ။

ဖြစ်ချင်တာတွေ ဖြစ်ချင်သလိုဖြစ်နေတဲ့

လောက ဆိုတဲ့ အိမ်အိုကြီးက

အဟောင်းအမြေ့တွေကို အရာမသွင်းတတ်တဲ့

တို့ ညီအစ်ကိုတွေနဲ့ သိပ်တော့အဆင်မပြေလှဘူး ။




အဆင်မပြေလှပါဘူး အစ်ကိုရယ်

ရာစုသစ်ခရီးက

စွန့် ပစ်ပစ္စည်းတွေ များသထက်များလာတယ်

တစ်ချို့ များ ညနေစာကို

စာရိတ္တနဲ့ ဝယ်စားကြသတဲ့။




လူတိုင်း ကဗျာဆရာ ဖြစ်နေကြမယ်ဆိုရင်

လူတိုင်း အစာအိမ်ဟောင်းလောင်းနဲ့

နေနိုင်ကြမယ် ထင်တယ် ။

စာရိတ္တပါးမှာကို အစာအိမ်ပါးမှာထက်

ပိုကြောက်တတ်ကြတဲ့ ၊ ကဗျာဆရာတွေရဲ့ ဓလေ့က

ချစ်ဖို့ကောင်းပါတယ် ငါ့ညီ ။




ဒါဟာ ပီပြင်တဲ့ စစ်မက်ပေါ့

တကယ်တော့

ကျွန်တော်က လောကဓမ္မတာကို

လက်ခုပ်တီးပြီး အားပေးနေချင်တာ။





လေကို ဓားနဲ့ ခုတ်ရတာ ပင်ပန်းပါတယ်ကွာ ။

ငါတို့ ပတ်ဝန်းကျင်မှာ ဝေ့၀ဲနေတဲ့

လိုချင်တပ်မက်မှုတွေကို လေလို ရှူသွင်း ။

သက်ပြင်းပါးပါးလေး ချလိုက်ကြရအောင် ။




မဟုတ်ဘူး အစ်ကို

ကျွန်တော်ကတော့ အသော့နှင်နေတဲ့တိမ်တိုက်တွေကြား

နေရောင်ကို စားနေဦးမှာပဲ၊

လေရှူပုံမှားရင် မှားနေလိမ့်မယ်။




ဟော ...

ပြောရင်းဆိုရင်း လေနီကြမ်းတွေ တိုက်လာပြီ ။

အမေ စိတ်ပူနေရော့မယ် ။

ကျောမှာ ပိုးထားတဲ့ ဗျာပါဒတွေ ပစ်ချ ။

လက်ချင်းတွဲပြီး အိမ်ပြန်ကြစို့ကွာ ။







--ဆူးခက်မင်း၊နေ့ သစ်-

အုံ့ပုန်း

“အုံ့ပုန်း”




ညည ဆိုဆိုနေကြ သီချင်းလေးရေ .....
ပေးစရာ နာမည်
ကိုယ် မသိခဲ့ . . . . ၊၊

မင်းကိုရှာဖွေတွေ့ရှိပါစေ
လွှင့်ထုတ်လိုက်တဲ့ မီးခိုးတွေသာ
ပြာဖြစ်သွားတယ်
ရင်ထဲက မီးလေးတော့ မငြိမ်းနိုင်ခဲ့ပေါ့ ၊၊

တစ်စက္ကန့်မှာ
ဘယ်လောက်တောင် ရှည်လျားခဲ့လဲ ..

လွမ်း
မိုင် ... ... ၊၊

- ဇာတိ -


======================

ငါ့လက်ဖျံပေါ်ကျလာတဲ့ အေးစက်စက်မိုးစက်တွေထဲမှာ
မင်းရီသံတွေပါပါလာတာ ဘယ်နှစ်စက်ရှိပြီလဲ

မတွေ့ရတော့ဘူး ရင်တခုလုံးပြိုကျ
ငါ့မျက်နှာပေါ်က အာဟာရချို့တဲ့ လက္ခဏာနဲ့
တူးဆွထားတဲ့ အနာပေါ်မှာ ယင်တွေ အုံနေတယ်

ပခြုပ်ထဲက လိပ်ပြာကလေးရေ
ငါ့နာမည်ကို မကြားဘူးလား
ငါ့အရိပ်ကို မမြင်ဘူးလား
ငါ့ရနံ့ကို မရဘူးလား

ငါ့လက်ဖျံပေါ်က ရီသံတချို့ကို
သိုဝှက်ထားတဲ့ နာကျင်မှုနဲ့ ဖြတ်စီး
ငါ့သွေးတွေ ပြောင်းပြန်စီးကုန်ပြီလေ ။

- နီလေး -

==========================

ခဏခဏမက်ဖြစ်တဲ့ အိပ်မက်ကို
အိပ်မက်ထဲ ပြန်သွင်းလိုက်တယ်
တကူးတကကြီး ပြန်သွင်းကြည့်လိုက်တာ
အနားသတ်မျဉ်းတစ်ကြောင်းအတွက်
ရင်နဲ့ဖြိုချလိုက်ရတာကလည်း
ညတွေ သက်သေပဲ
မင်းပြုံးတာ ငါမမြင်ရတာကြာပြီ
သိပ်သည်းဆ သိပ်များနေတာလည်းမဟုတ်ဘူး
ဟင်း ကနဲ ချလိုက်တဲ့ သက်ပြင်းတွေမှာ
ပြန်မရလိုက်တဲ့ ရောင်နီတွေပါတယ်
မပြောဖြစ်လိုက်တဲ့ ဒဏ်ရာတွေ ပါတယ်
ကျိန်စာပြယ်ဖို့ ကျိန်စာတစ်ပုဒ် ထပ်ရွတ်ရမှာလား
ဒီလိုဆိုရင်တော့
ထိုးစရာလက်ညှိုး ဘယ်ဖက်လှည့်ရမလဲ ။

- အမည်မဲ့ -

========================

သေတ္တာထဲမှာ ဘာတွေ ရှိမလဲ ။
ပန်းသီးတစ်လုံး ၊ ဒါမှမဟုတ်
ပန်းတစ်ပွင့် ၊ ဒါမှမဟုတ်
အခွံသင်/ဆူးနွှင် ဖို့ ဓားတစ်ချောင်းလား ။
နင်လား ၊ ငါလား ။
နင့်ကြောင့်လား ၊ ငါ့ကြောင့်လား ၊ အပြင်မှာမိုးတွေရွာနေတယ် ။
မသိချင်တော့ဘူး ။ ( မဟုတ်သေးဘူး )
မသိချင်သေးဘူး ။ ( တခြားလူတွေ တွေ့မှာစိုးတယ် )
အဲ့လိုနဲ့ ၊ သော့ကို ခေါင်းအုံးအောက်ထဲ ထိုးထည့် ။
နှိုးစက်ကို မနက် ၂ နာရီ ပေးထားလိုက်တယ် ။

- ဆူးခက်မင်း -

=============================

နတ်သမီးရာသီ ပြောင်းတိုင်း
ဗြဟ္မာကြီး ဦးခေါင်း
ဆတ်..ဆတ်..ခါ
မီးတောင် အဟောင်းကြီး
ဂစ်တာ..တီးနေပြီ
ငုံကြည့်မနေပါနဲ့ ...'သူမ'
'ငါ'
လက် ခုပ် ထဲ က ရေ
'ငါ'
ပလက်ဖေါင်းပေါ်က..ပက်လက်ကျွဲ
'ငါ'
ကြားခံမပါတဲ့ ကဗျာ

ငါ့ကို သောက်ပါ

ငါ့ကို သုံးပါ

ငါ့ကို မြိုချလိုက်ပါ


- အနော်မာ -

Sunday, July 18, 2010

“ ၂၁ ရာ စု မှာ ”

“ ၂၁ ရာ စု မှာ ”




၂၁ ရာစုမှာ တိုက်အမြင့်ကြီးတွေ

ဆောက်ကြတယ် ။ မီးအကြီးကြီးတွေ

လောင်ကြတယ် ။ ဘာမှန်းမသိတဲ့

သတ္တ၀ါတွေ ၊ သူတို့ကိုယ်သူတို့

လောင်ကျွမ်းကြတယ် ။

(ကိုယ့်ဟာကိုယ်ရော ဘာမှန်းသိရဲ့လားတော့ မသိဘူး )

ဒါတွေဟာ နှင်းဆီမီးညွန့်တွေ ဖြစ်တယ် ။

အမြဲစိမ်း သစ်တောတွေ ဖြစ်တယ် ။

မွေးသမိခင်ရဲ့ မျက်ရည်တွေကို

ကျင်းတူးမြှုပ်နှံလိုက်တဲ့နေ့က

ငါ ရေခဲနဲ့ ကျွမ်းလောင်တယ် ။

ကမ္ဘာပျက်မှာ မသိတဲ့ လူမိုက်တွေ

ကမ္ဘာပေါ်ထိုင်ရင်း ဝေစုခွဲနေကြ ။

အို့ .. အို ၊ သနားစရာ ။

ငါတို့ မြို့လေး အသိုက်ပြောင်းရတော့မယ် ။

ငါ နင်းခဲ့တဲ့ ခြေရာတိုင်းရဲ့ အရိပ်မှာ

သွေးတွေ စွန်းထင်းနေ ။

အဝေးပြေးလမ်းမကြီးကတော့

ငူငူငိုင်ငိုင်နဲ့ ငေးလို့ကောင်းတုန်း ။

ခြေပစ်လက်ပစ် ပစ်စလက်ခတ် နေလို့ ကောင်းတုန်း ။

မြို့တော်သူ မြို့တော်သားတို့ရေ .... ။

ငါတို့ နှင်းဆီခင်းတွေပေါ် ပျံဝဲကြစို့ ... ။

ငါ့ အ၀ါရောင်လယ်ကွင်းထဲ ဘယ်မှော်ဆရာ

ခြေချခဲ့ပါသလဲ ။

ဘယ်ဘက်လက်က ပါးစပ်ဖြစ်ပြီး

ညာဘက်လက်က နားဖြစ်တယ် ။

ကိုယ့်အသံကိုယ်ပြန်ကြားရဖို့ ၊ ငါ့လက်နှစ်ချောင်းကို

တင်းတင်း ဆုပ်ကိုင် ။

ကပိုကရို ဖြာကျနေတဲ့ လရောင်အောက် ၊

စင်ရော်ငှက်တစ်ကောင် လမ်းပျောက်နေ ။

တိုက် ဟောင်း/ပျက် တစ်ခုရဲ့ လှေကားရင်းမှာ

မိန်းမငယ်တစ်ယောက် ၊ မျှော်လင့်ချက်အသေတွေနဲ့

မှောင်ရီခိုးဝေ ။ ဘာတွေကို ဆုပ်ကိုင်ထားမလဲ ။

ဘာတွေကို လွှတ်ချခဲ့မလဲ ။ ဘာတွေကို ၊

ဘာတွေကို ၊ ဘာတွေကို ၊ ဘာတွေကို ။

သဲမှုန်တွေ လွင့်နေတဲ့ ကြားက ၊

ကန္တာရကို စောင့်တဲ့ နတ်သမီး ။

ခင်ဗျား ၊ ညစ်ညစ်ထေးထေး လှတယ် ။

လှေကားထစ်စိုက်ခင်းတွေ

တောင်ပူစာ မို့မို့တွေ

သစ်ပင်တစ်ပင်လောက် စိုက်ခဲ့ပါ ။

ငါ ထိုင်ကြည့်ရင်း လွမ်းနေချင်လို့ ။

သောင်တင်နေတဲ့ ဆည်းဆာနဲ့

ညနေခင်းက စက်ဆုပ်ရွံရှာဖွယ် အတိ ။

ငါတို့ ကျောရိုးတွေနဲ့ ကမ္ဘာကြီးကို ငြမ်းဆင်ကြ ။

ငါတို့ လက်တွေနဲ့ ကမ္ဘာကြီးကို (ကိုယ်တိုင်) တည်ဆောက်ကြ ။

ယန္တရားအရေခွံနဲ့ ဖုံးအုပ်ထားတဲ့ ငါတို့ကမ္ဘာက

သတ္ထုစော် နံ တယ် ။

၂၁ ရာစုမှာ လောင်ကျွမ်းသွားတဲ့ အနီရောင်ပန်းပွင့်တွေရယ် ။

၂၁ ရာစုမှာ လောင်ကျွမ်းသွားတဲ့ ကမ္ဘာကျော်အနုပညာရှင်တွေရယ် ။

၂၁ ရာစုမှာ လောင်ကျွမ်းသွားတဲ့ ကဗျာဟောင်းတချို့ရယ် ............. ။




ဆူးခက်မင်း
၁၈ ၊ ဂျူလိုင် ၊ ၂၀၁၀ ။

Friday, July 16, 2010

နတ်သမီး အတွက် တစုံတရာ

အလင်းည နတ်သမီး

ဖြာကျနေတဲ့ လရောင်အောက်မှာ

တစစီ လွင့်ဝေနေတဲ့

ငါ့ ခြေလက် အပိုင်းအစတွေ တစစီ လိုက်ကောက် ။

ငါ့ ခန္ဓာကိုယ် အထက်ပိုင်းကို

မလွတ်တမ်း ဖက်တွယ် ။

ညခိုးပြာပြာတွေ လွင့်လွင့် တက်လာ ။

ဒီတိုက်ပွဲဟာ ငါတို့အတွက်

ဘ၀တစ်ခုဖြစ်တယ် ။

တိမ်တွေကြားမှာ စိတ္တဇတွေ

ထုတ်လုပ်ပေးမယ့် စက်ရုံတစ်ခုလောက်

ဆောက် ကြ မယ် ။

တောင်ပံတွေကို ဖြန့်ထားပါ နတ်သမီးရေ ။

ပင်လယ်ကဗွီးပင်တွေက ၊ မင်းကို ကြည့်ပြီး

ငိုကောင်း ငိုနေလိမ့်မယ် ။

မီးခလုတ်တွေ ပတ်ပတ်လည် စီထားတဲ့

သော့ပေါက်ကြားက ၊ ၀ံပုလွေတစ်ကောင်

ဆာလောင်နေတဲ့ မျက်လုံးတွေနဲ့

ငါ့ကို ကြည့်နေတယ် ။

မင်းကိုင်ထားတဲ့ ကြေးနီကွင်းထဲ

ခုန်ဝင်ဖို့ ငါက ၊ ခွေးတစ်ကောင်လောက်တောင်

အစွမ်းအစ မရှိဘူး ။

မှန်ထဲက ငါက ၊ အပြင်လောက က ငါ့ကို

သနားစရာ သတ္တ၀ါတစ်ကောင်လို

ကြည့်နေ ။ သူမမှုတ်ထုတ်လိုက်တဲ့

စီးကရက်မီးခိုးငွေ့တွေက

သူမ ဖြစ်သွား ။ အပိုင်းအစတွေအဖြစ်

ကွဲအက်နေတဲ့ ကားလမ်းမဘေးမှာ

ငိုကြွေးနေတဲ့ ကလေးမတစ်ယောက်က

သူမ ဖြစ်သွား ။ ငါက ကျားသစ်တစ်ကောင်ရဲ့

မျက်လုံးမျိုးနဲ့ သူမကို ကင်မရာမှန်ဘီလူးမှတဆင့်

စိမ်းစိမ်းရဲရဲ စိုက်ကြည့်နေ ။

သဲနဲ့ ဆောက်ထားတဲ့ မြို့တော်ရဲ့

ဝိုင်ပုလင်းထဲ ၊ တိမ်တွေ အသိုက်လုပ် နေကြတယ် ။

ဒီလိုနဲ့ နေရော လရောဟာ ငါတို့ ကန်ရေပြင်ထက်က

ငါးတွေ ဖြစ်တယ် နတ်သမီးရေ ။

မျက်နှာဖုံးတွေနဲ့ ရံထားတဲ့ တံတိုင်းက

နှင်းဆီတစ်ပွင့်အတွက် လုံခြုံမှု ကောင်းကောင်း

ပေးနိုင်မှာပါ ။ Breathing Apparatus မပါပဲနဲ့တော့

Rome မြို့ကြီး မီးလောင်နေတာကို

ငြိမ်းသတ်ဖို့ မကြိုစားနဲ့ နတ်သမီး ။

မင်းလျှောက်နေတာ ၀က်ဝံလေးတစ်ကောင်ရဲ့

အိမ်ပြန်လမ်း မဟုတ်ဘူး ။ မင်းထင်သလောက်

ရိုးစင်းနေလိမ့်မယ် မဟုတ်ဘူး ။

ညာဘက်လက်က ဓားကို ကိုင်ပါ ။

ဘယ်ဘက်လက်က လက်ဝါးကပ်တိုင်ကို ကိုင်ပါ ။

မင်းကို ဘုရားသခင်နဲ့ မိစ္ဆာနတ်ဆိုးတွေ

တလှည့်စီ စောင့်ရှောက်ပါလိမ့်မယ် ။

ချောကလက်ရောင် အဘိဓမ္မာတွေ ကြီးစိုးနေတဲ့

လောကဓံက ၊ မင်းကို ကောင်းချီးပေးပါလိမ့်မယ် ။

ရေနွေးကရားထဲက ထွက်ကျလာမယ့် မီးလျှံတွေ ။

ဇယားကွက်တစ်ခုထဲ ပိတ်မိနေတဲ့ ဘ၀ထဲက

ရုန်းထွက်ဖို့ ၊ စိုက်ခင်းမှာ ပွင့်နေတဲ့

မျက်လုံးတွေကို လျစ်လျူရှုလိုက်ပါ နတ်သမီး ရေ ။

ကနူးလှေကလေးရဲ့ တစ်ဖက်တစ်ချက်မှာ

မျက်နှာချင်းဆိုင်ထိုင်ရင်း .... ။

ငါတို့ လှော်တက်တစ်ချောင်းစီကိုင်ရင်း .. ။

လောကသမုဒ္ဒရာထဲ လှော်ခတ်ကြမယ် .. ။ ........... ။



ဆူးခက်မင်း

လောကဧည့်သည်

ငါက ငါ့ခြေထောက်ငါ အမြစ်ချထားတဲ့

သစ်ပင်တစ်ပင်ဖြစ်တယ် ၊ ပင်စည်ကျောရိုးမရဲ့

အလယ်တည့်တည့်မှာ လက်ဝါးကပ်တိုင် တစ်ချောင်း

“ထင်း” နေ အောင် စိုက် ထူ လို့ ။

ငါ့ကိုယ်ငါ ပြန်ရှာ မတွေ့တော့ဘူး ။

ဆာလောင်မွတ်သိပ်မှုတွေနဲ့ အသားကျနေတဲ့

မြို့ပျက်ထဲမှာ ကြယ်အပြတ်တွေ လိုက်ဖမ်း ။

ငါ ကောင်းကင်ကို ခိုးတာ မဟုတ်ဘူး ။

တယောတစ်လက်နဲ့ တိမ်တွေကို မိုးပေးဖို့

ကြိုးစားခဲ့တာ ဖြစ်တယ် ။

အပေါက်ခပ်ကျဉ်းကျဉ်းလေးထဲကေ

ကမ္ဘာကြီး ဘာတွေ ဖြစ်နေတယ် ဆိုတာ

ခိုး ခိုး ကြည့်ရတာ ။

မပျော်ဘူးကွာ ၊ မပျော်ဘူး ။

အဲသည့် ကမ္ဘာကြီးထဲ ၀င်ရောက်ကခုန်ခွင့် ပြုပါ ။

ရာသီကြို ယဉ်ကျေးမှုတွေ မရှိတဲ့

အလယ်အလတ်တန်းစား ငရဲဘုံမှာ

ဆလိုက်မီး ခပ်မှိန်မှိန်တွေ ကြားမှာ

ပေါင်သားဖွေးဖွေးတွေ ကြားမှာ

စိမ်းရွှေရွှေ အနံ့တွေ ကြားမှာ

အယ်လ်ကိုဟောတွေကို အစာအိမ်ထဲ ထည့်လွယ်ထားတဲ့

မကောင်းမှု ဒုစရိုက်တွေကို လည်ပင်းက လော့ကက်သီးလေးထဲ

အမြတ်တနိုး ထည့်ဆွဲထားကြတဲ့

အဲသည့် အလယ်အလတ်တန်းစား ငရဲဘုံမှာ

ကပွဲလက်မှတ် မပါတဲ့ ငါ့ကို

ဝ င်ေ ရာ က် က ခု န် ခွ င့် ပြု ပါ ။

အပြုံးတုတွေ ၊ မာယာလတ်လတ်ဆတ်ဆတ်တွေ

လင်စိတ်သားစိတ် ပြင်းထန်နေတဲ့ မျက်လုံးတွေ

လင်ယူသားမွေးကိစ္စကို လွယ်လင့်တကူ

လူကြားသူကြား ဆွေးနွေးနေတဲ့ သတ္တ၀ါတချို့

လမိုင်းကို မကပ်ပါဘူးကွာ ။

လိင်ကိစ္စကို လာရာလမ်းအတိုင်းပြန်သယ်သွားဖို့ထက်

လမ်းဘေးမှာ ၊ လူသူမနီး တစ်နေရာရာမှာ

လူမြင်သူမြင် အမှောင်ခန်းထဲမှာ

လွယ်လွယ်လေးပဲ လွှတ်ချလို လွှတ်ချ ။

လိပ်စာ ပေးထားခဲ့မယ်ဆိုတဲ့ လော်လီမှုတွေ ။

လူဆိုတာ ကိုယ့်အကြောင်း ကိုယ်ပဲသိတယ် ဆိုတဲ့ သီချင်း ။

လင်းလင်းထင်းထင်း ဖြစ်သွားအောင်

လိမ္မာဖို့ လိုတယ် မိတ်ဆွေ ။

လူသားဆန်ဆန် ၊ လေလွင့်လူ လုပ်နေလိုက်တာ

လောက်လောက်လားလား ဖြစ်မှာပါ ။

အမောပြေသောက်ဖို့ မာလ်တီနီ တစ်ခွက်လောက် ရမလား ။

ငါ ကခုန်ရတာ တော်တော် မောရှနေလို့ပါ ။

အမောပြေ မပြေတော့ မသိဘူး ။

အသွေးအသားထဲ လက်ကျန်ယဉ်ကျေးမှုလေး စိမ့်ဝင်နေတာ

အဆုံးစွန်ထိ ပြေလျော့သွားတယ် ။

ကျေးဇူးပြုပြီး မီးတွေ ခဏ မှိတ်ထားပေးပါ ။

သမ္မာကျမ်းစာထဲက ဆုတောင်းရွတ်ဆိုသံတွေ ခဏ ပိတ်ထားပေးပါ ။

ငါ့ရင်ဘတ်က လက်ဝါးကပ်တိုင်ကို ဆွဲဖြုတ်ခွင့်ပြုပါ ဘုရားသခင် ။

ငါ့ခြေထောက်မှာ နွယ်တက်နေတဲ့ အရှိတရားတွေကို

မသိကျိုးကျွံပြုနေပါရစေ ။

ငါက ငါ့ခြေထောက်ငါ အမြစ်ချထားတဲ့ သစ်ပင်တစ်ပင်ဖြစ်တယ် ။


ဆူးခက်မင်း

Saturday, July 3, 2010

ပူစပ်ပူလောင် အက်ဆေး

အပူချိန်တိုးနေတဲ့ စာရွက်စာတမ်းတွေ ၊ ထာဝရ လွတ်မြောက်ရာ ၊ အပူချိန်တိုးနေတဲ့

ညနေခင်း ။ ဈေးကြီးပေးဝယ်ထားရတဲ့ ၊ ငန်းတစ်ကောင် ။ အဆုံးသတ် သေခြင်းတရား ။

တရားသော သေခြင်း ။ ဓာတ်လှေကားအစွန်းမှာ ၊ နှင်းဆီတစ်ပွင့်ထိုးပါ ။ လျှပ်စစ်မီး

အကြောင်း ဝေဖန်/အတင်းပြော ခြင်း မပြုရ ။ မျက်လုံးမှာ မြင်နေရတယ် ။ အမှားတွေ ။

အမှားတွေ ။ မြင်နေရတဲ့ အမှားတွေ ။ ကုန်ခမ်းနေတဲ့ အားအင်တွေက ပဲ့တင်သံကို အလို

မတူပဲ ကားတင်ပြေးသွား ။ လိမ္မော်ရောင် ၊ လိမ္မာသယောင်ယောင် ။ ချဲ့ကားပြောဆိုခြင်း

သည်းခံပါ ။ ခြေမတစ်ချောင်း ၊ အကျိုးသက်ရောက်မှု ၊ တစ်သျှူးဂလင်းများ ။ အင်ဂျင်တစ်လုံး

ကဲ့သို့ ပုံမှန်လည်ပတ် ။ တံဆိပ်ခေါင်းကပ်မထားသော ပစ်စာ ။ ရသလား ၊ ရမိသလား ။

မိမိရရ ရမိသလား ။ မိမိရရ ၊ တခြားသူ ရရ ။ အီလက်ထရွန်းနစ် လူမျိုး ၊ လိမ်ညာမှု ။

ကြားလား ၊ မကြားတကြားလား ။ တန်ဂိုအက “က” တတ်လား ။ ၀က်သစ်ချပင်

အောက်ကို ကြွပါ ။ အလင်း မပွင့်တပွင့်/မလွတ်တလွတ် ။ ခေါင်းစဉ် ၊ သေချာ

စဉ်းစားပြီး ပေးမယ် ။ နားဆွဲ (သို့) နားလက်စွပ် (သို့) နားဖုန်းမြည်သံ ။

ကြာကူလီတစ်ပိုင်း ယောင်္ကျားရိုင်း ၊ ဒါမှမဟုတ် မျက်ခုံးကောင်းကောင်းနဲ့ ၀ံပုလွေ ။

လူငယ်ဘ၀မှာ လွတ်လွတ်လပ်လပ် ပျံသန်းပါ ။ ( အမှားနည်းနည်း တွေ့ခဲ့မယ် ၊

တွေ့ကောင်း တွေ့ခဲ့မယ် ) ။ စေ့စပ်ကြောင်းလမ်းခြင်းဆိုင
်ရာ တံခါးပေါက် ။

အ၀ါရောင် ရောင်ဝါတန်းများ ။ တိုး/ထိုး ထွက်နေ ။ အသက်အရွယ်အလိုက်

ကန့်လန့်ဖြတ် စီထားပါ ။ ကောင်းပြီ ။ နေရာကရော ၊ နေစရာကရော ။

အနည်းငယ် စူထွက်နေတဲ့ ရင်သားပေါ်မှာလား ။ အနည်းငယ် ကွေးဝင်နေတဲ့

ထောင့်ဖြတ်မျဉ်းပေါ်မှာလား ။ အခု ခင်ဗျား သက်သက်သာသာ လှဲနေလိုက်ပါ ။

သက်သက်သာသာ ငိုကြွေးနေလိုက်ပါ ။ နေရောင်ခြည်စွမ်းအင် ၊ နိုက်ထရိုဂျင် ဓာတ်ငွေ့ ၊

လယ်စောင့်တဲ ။ အကွာအဝေးကို အရေးပေါ် တိုင်းတာဖို့ ။ ဒီနှစ်ထဲမှာ မနေ့ကဆိုတဲ့ကောင်တွေ

မျက်နှာပေါက် ဆိုးလာတယ် ။ မျက်နှာ ပေါက်/စို လာတယ် ။ အနီရောင် ဆေးလွန်မှု ။ အပေါက်တွေ

စိုလာတယ် ။ နှစ်လိုဖွယ်ရာ ကျဉ်းကျဉ်းကျုတ်ကျုတ် ကျုပ် ပြင်ဆင်ထားတဲ့ စားသောက်ဖွယ်ရာ

တစ်ခုခု လိုမလား ။ ကောက်ရိုးမီး ၊ သေနတ် ခပ်သေးသေးတစ်လက်နဲ့ ၊ မျက်လုံးနှစ်လုံးကြား

အပြင်ဘက်ကို တည့်တည့်ချိန် ။ နေမွန်းတည့်ချိန် ၊ ညဥ့်ဦးတည့်ချိန် ၊ ထိုနှစ်ချိန်၏ ကြား

အပြင်ဘက်မှ တည့်တည့်ချိန် ။ အချိန်သုံးပါး ငိုကြွေးပါ ။ နြူထရွန်တစ်လုံးကို ဓာတ်ပြယ်စေခြင်း

ဖြင့် ၊ နြူကလီယာဒြပ်ပေါင်း မဖြစ်ရန် ။ စီးပွားရေးဆိုင်ရာ သာမိုမီတာ အချက်အလက် ။

ရွက်လှေနဲ့ တိုက်ရမယ် ။ ဘိန်းဖြူ ၊ ၀င်ခွင့် ၊ မှတ်စု ၊ လွယ်လွယ်ကူကူ ။ အပူချိန်တိုးနေတဲ့ အက်ဆေး ။






ဆူးခက်မင်း