ကဗျာ ပါးကွက်သား
ဘယ်သူလဲ ၊ ဘယ်သူလဲ ။
ငါ ဘယ်သူလဲ ၊ မင်း ဘယ်သူလဲ ။
တစ်ခုခု ၊ ဖြေပါ ။
နေဦး ... ငါဖြေမယ့်မေးခွန်းမှာ
ဖြစ်နိုင်ရင် လက်သည်းဖွက်သံမပါချင်ဘူး
ခဏတော့စောင့်ကွာ ...
ဟောဟိုနားမှာ ကျင့်ဝတ်တွေကျနေခဲ့တယ်ဆိုလို့
သိက္ခာ မရှိတဲ့ နှာခေါင်းနဲ့
လေရှုချင်သေးတယ် ။ ဟုတ်စ ။
မင်း လိပ်ပြာ မင်း မရှက်ရင်တောင် ၊
မင်း သိက္ခာ လိပ်ပြာသန့် သင့်တယ် ။
လူပြောမို့ မသန်ဘူးပဲထားတော့
နာတော့ မှ ပြောမှန်းသိမနေနဲ့
ငါက ဆန္ဒ ကို သိက္ခာ သန့်သန့်နဲ့ လွန်ဆွဲပြနေတာ
ဆန္ဒနဲ့ သိက္ခာ လွန်ဆွဲနေတဲ့ အခါးရောင် အတ္ထုပတ္တိ
ဆိုတာ ၊ မင်းအတွက် မှန်ချင် မှန်မယ် ။
ငါ့အတွက်တော့ ၊ ဆန္ဒကို သိက္ခာနဲ့ ထိန်းဖို့ ကြိုးစားနေတဲ့ ခပ်ပေပေ လူတစ်ယောက် ။
ရပ် . . ခဏရပ် . . ကဗျာကို မျှားလုပ်ခုတ်နေတာ ရပ်
အနုပညာလုပ်ဖို့ ငါက နုသေးတယ်
အားနာတာနဲ့ အန တာတော့ ခွဲထားပေး
ငါက သောကြာကို မိနစ် ၃၀ကျော်ရုံနဲ့တင် စနေဖြစ်သွားရတာ . . .
အေးကွာ . . . တစ်ချို့တွေပြောသလိုဆို
ငါက မူးမှရေးတော့ မူးကဗျာပေါ့
သောက်တုန်းရေးတော့ သောက်ကဗျာပေါ့
ရပ် . . ခဏရပ် . . ကဗျာကို မျှားလုပ်ခုတ်နေတာ ရပ်
သောက်တုန်း ရေးတဲ့ ကဗျာပဲ ဖြစ်ဖြစ်
( သောက်တုံး ရေးတဲ့ ကဗျာပဲ ဖြစ်ဖြစ် )
သုံးလို့ စွဲလို့ ရတဲ့ ကဗျာပဲ ဖြစ်ဖြစ်
မလို့ ရွှေ့ လို့ ရတဲ့ ကဗျာပဲ ဖြစ်ဖြစ်
ကျလို့ ကွဲလို့ ရတဲ့ ကဗျာပဲ ဖြစ်ဖြစ်
သောက် ရင်း ၊ သုံး ရင်း ၊ မ ရင်း ၊ ကျ ရင်း .... ။
နောက်ဆုံး ....
သောက်သုံးမကျတဲ့ ကဗျာပဲ ဖြစ်လာတာပဲ ။
ဒီလူပြောတဲ့စကားကို ဟိုနားနဲ့ကြား
ဟိုလူပြောတဲ့စကား ဒီနားနဲ့ကြား
ကြားထဲမှာ ကြားရ ကြားရ နားဝမှာ
မစားရ၀ခမန်းတွေ မချမ်းသာ
ရပ် . . . ကဗျာတွေ မျှားလုပ်ခုတ်ကြတာ ရပ် . . .
ဒီမှာ ဟိတ်လူ ။
ကဗျာရေးတာ သောက်သုံးကျဖို့  မလိုဘူး ။
လေလုံးထွား / လူလုံးကြွားဖို့ မလိုဘူး ။
လူလုံးထွား / လေလုံးကြွားဖို့ မလိုဘူး ။
သောက်ကမြင်းကြောထပြီး ကလောင်မရမ်းဖို့ပဲ လိုတယ် ။
ရပ်... ၊ သောက်ကမြင်းကြောထပြီး သောက်သုံးမကျတဲ့ ကဗျာတွေရေးတာ ရပ် ။
ကလောင် တယမ်းယမ်းနဲ့ ကလောင်စွမ်းပြတာတွေ ရပ် ။
ရပ် . . . ကဗျာတွေ မျှားလုပ်ခုတ်ကြတာ ရပ်
ဆူးခက်မင်း + မောင်မိုးချို
Subscribe to:
Post Comments (Atom)
0 မှတ်ချက်များ:
Post a Comment