Pages

Subscribe:

Monday, November 2, 2009

လမ်းကြုံလို့ ရေးတဲ့ ကဗျာ

အနီရောင် စပို့ ရှပ်တစ်ထည်

ရဲ့  ၊ ဖြားယောင်းမှု ။

အဖျားတွေ ရောင်းတယ် ။

အဖျားတွေ ၀ယ်တယ် ။

ကိုယ်ပူနေတုန်းလား ။

` မှန်း ... ´

ဖြားယောင်းမှုတွေ ကိုယ်ပူရှိန်တက်တယ် ။

စပို့ ရှပ်ပိုင်ရှင်အတွက် ၊ အားလုံး

ဆောင်ကြဉ်း ။ အဆောင်ကျဉ်းထဲက

ကျဉ်းကျဉ်းကျပ်ကျပ် ၊ အကျဉ်းဆောင် ။

ငါကိုက ဆန္ဒတွေ ပြင်းပြခဲ့တာလား ။

ဆန္ဒတွေ ပြင်းတာတော့ ဟုတ်တယ် ။

ဆန္ဒတွေတော့ မပြခဲ့ဘူး ။

မောင်မိုးချိုပြောသလို ၊ ငါ ဆိုတာ

နင့် နှုတ်ခမ်းတစ်ထပ်နဲ့တင် ၊ ကြွေခဲ့တဲ့

ကြယ် ။ ၁၀၉ နဲ့ ၁၁၀ ကို တိုက်ရိုက် အချိုးချထားတဲ့ကောင်

မှာ ။ နင် မက်လောက်စရာ ဘာမှ မရှိ ။

ဘယ်ဘက်ဘောင်းဘီအိတ်ကပ်ထဲ ၊ ဘေးကျပ်နံကျပ်

ဖြစ်နေတဲ့ ၊ ဗမာငွေ နှစ်ရာကျပ်က ၊ နင်

အပျင်းပြေချိုးတဲ့ ကလစ်တစ်ချောင်းစာတောင် မရှိ ။

ငါ့ အစာအိမ်ထဲ သွတ်သွင်းလိုက်တဲ့ ပေါင်မုန့်  ထက် ၊ နင့် ဖိနပ်

သဲကြိုးက ပိုကြေးကြီးတယ် ။

အေး ........။ အဲ့လို ကွာဟာမှုတွေထဲ

တဖြည်းဖြည်း ကွာကွာပြီး ` ဟ ´ ` ဟ´ လာလိုက်တာများ ။

လမ်းကြုံလို့  ကြုံရာကျပန်း ပြောမိတာ ။

ဘာတဲ့ .... ။

` လမ်းကြုံရင် ပြောပေးကြပါ .... ´

ဒါ မော်ဒန် / ပို့ စ်မော်ဒန် ကဗျာ မဟုတ် ။

ဒါ LP ကဗျာ မဟုတ် ။

ဒါ စကားပြေကဗျာ မဟုတ် ။

ဒါ အချစ်ကဗျာ မဟုတ် ။

ဒါ နင့်အကြောင်းရေးတဲ့ ကဗျာမဟုတ် ။

ဒါ ...... ။

` ဒါ ဒါ ဒါး ဒါ ဒါ ... ဒီ ဒါး ဒါ .. ´

ဒါ ...... ။

နင့် ကြယ်တစ်ထပ်နဲ့တင် ၊ ကြွေခဲ့တဲ့ နှုတ်ခမ်း ။


+++++++++++++++++++

0 မှတ်ချက်များ:

Post a Comment