Pages

Subscribe:

Thursday, May 24, 2012

ကတ်ကြေးတစ်ချောင်းနဲ့ တိခနဲ ဖြတ်ချလိုက်သလို .. ပြတ် သား မှု




ရုပ်တရားတွေဟာ ရုပ်ဝတ္ထုစော် နံနေပြီး ၊ နာမ်တရားတွေက နံစော်နေတယ်
ပြန်ခေါ်နေတယ် ၊ သေခြင်းတရားက အိပ်မက်ထဲထိ လာလာပြီး ပြဲပြပြူးပြ
နင်လုပ်ချင်တိုင်းလုပ်နေရအောင် နင်က ပုခုံးပေါ် ကြယ်ပွင့်တွေ တင်ထားသလား ၊
ငါ့ပုခုံးမှာတော့ လှည်းကျိုးရာ အထပ်ထပ် တဖြတ်ဖြတ် ပြန်မြင်ယောင်လာ
တဲ့ အတိတ်ဟောင်းမှာ စိတ်မကောင်းစရာတွေ ပုံ လို့ ၊ အရင်စိတ်နဲ့သာဆို
ဗြင်းပြီးသားပဲ ကိုယ့်လူ သူ့လူ ခွဲခြားမနေပါနဲ့ ၊ တွဲထားမနေပါနဲ့ ၊ လက်တွေ
ဟာ ဘယ်လိုမှ မခိုင်မြဲတော့ဘူး ၊ ကိုင်ဆွဲထားတဲ့လက်တွေ ယိုင်လဲသွားရင်တောင်
ဒိုင်ပဲ စားမှာ ၊ ဟေး ဟေးးးးးးးးး ဟေးးးးးးးးးးးးးး အဲ့ဒီလို ကိုယ် အကျယ်ကြီး ကား
ခနဲ ပြုတ်ကျသွားတဲ့ ချောက်နက်ကြီး ၊ မာရီယာနာ ဆိုလား ဘာဆိုလား ချောက်
နက်ကြီး ၊ နတ်ကြီးပါတယ် ဆိုတဲ့ ချောက်နက်ကြီး ၊ ချောက်ဆိုပြီး အသံမြည်သွားတဲ့
ပန်းသီးလေး ၊ ခါးလိုက်တာ မေမေရယ် ၊ ရာသီဥတုက အရှင်လတ်လတ် သင်္ဂြိုဟ်ခံ
နေရသလိုမျိုး ၊ နက္ခတ်နဲ့ ပါဝါ အကျ လွဲတဲ့ ကောင်းကင်မှာ ကိုယ်ဟာ အမည်မဖော်
လိုသူ သက်တန့် ၊ ရောင်စဉ်ခုနစ်သွယ်ဟာ သီတာခုနစ်တန် ခြားထားသလိုမျိုး ၊
ဝေးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး လွန်းတယ်





ဧပြီ ၂၇ ၊ ၂၀၁၂ ။

ထရပ်ကားပေါ်က အက်ဆေးများ (၁)




(၁)



ကျွန်တော်ပင်လယ်ဆီကို သွားနေတယ် ။

ပင်လယ်ဆိုတာအလုံးကြီးလား အပြားကြီးလား ၊

မော်တော်ကားလို ဘီးလေးဘီးနဲ့လား ၊ အေးချမ်းမွန်လို

သွားတက်လေးပါလား ၊ ကျွန်တော် မသိဘူး ။ ကျွန်တော်

ပင်လယ်ဆီကို သွားနေတယ် ။ ပင်လယ်ဆိုတာ ဘယ်အရပ်

ဘယ်ဌာနမှာ ရှိမှန်း ကျွန်တော် မသိဘူး ။ ပင်လယ်ဆီသွားဖို့

လမ်းညွှန်မြေပုံလည်းမပါဘူး ။ ကျွန်တော့် သိမှုထဲမှာ ရှိနေတာ

တစ်ခုက ၊ ကျွန်တော် ပင်လယ်ဆီ အရောက်သွားဖို့ပဲ ။ ပင်လယ်ရဲ့

သဘော သဘာဝ ၊ ပင်လယ်ရဲ့ အနှစ်သာရ ၊ ပင်လယ်ရဲ့ ဖြစ်စဉ် ၊

ကျွန်တော် ဘာဆို ဘာမှမသိဘူး ။ ဒီလိုဆိုတော့  ကျွန်တော်

ပင်လယ်ဆီ သွားနေတယ် ဆိုတာ ခင်ဗျားတို့က မယုံကြည်နိုင်ဘဲ

ဖြစ်လိမ့်ဦးမယ် ။ ကျွန်တော် ရဲရဲဝံ့ဝံ့ ပြောနိုင်တာ တစ်ခုက

ကျွန်တော် ပင်လယ်ဆီသွားနေတယ် ။



“ပင်လယ်ကို မမြင်ဖူးခင်ကတည်းက

ပင်လယ်ကို ချစ်ခဲ့တယ်

ကျုပ်လား . . . အခု ပင်လယ်ဆီ သွားနေတာပါ”

(ကန္တာရသား - နေမျိုး)







(၂)



သူ သစ်သီးလေး တစ်လုံးကို ခွဲလိုက်တယ် ။ သစ်သီးလေးထဲက

သစ်စေ့လေးထွက်လာတယ် ။ သူ ကလေးပီပီ  သစ်စေ့ကလေးကို

လက်နဲ့ တောက်ထုတ်လိုက်တယ် ။ နောင်နှစ်ပေါင်း များစွာ ကြာတဲ့

အခါ သစ်စေ့ကလေးဟာ သစ်ပင် တစ်ပင်ဖြစ်သွားတယ် ။ သူလည်း

အဘိုးအိုတစ်ယောက်ဖြစ်သွားတယ် ။ သစ်ပင်ရိပ်အောက်မှာ

ကလေးသူငယ်တွေ ဆော့ကစားနေကြတယ် ။ သူတို့ရဲ့ မျက်နှာမှာ

ဖြူစင်ခြင်း အရိပ်အယောင်တွေပြည့်လို့ ။ နောင်တစ်ချိန်မှာ အဲ့ဒီ

သစ်စေ့ကလေးတွေဟာ သစ်ပင်တွေ ဖြစ်လာမလားလို့

သူတွေးမိတယ် ။ သူ့ရဲ့လက်ထဲမှာ သစ်သီးတစ်လုံးရှိတယ် ။



“ငါမြင်နေရ

သစ်သီးထဲက သစ်ပင်ကလေး

အဲဒီသစ်ပင် အောက်မှာ

ပျော်ပျော်ရွှင်ရွှင် ဟစ်အော် ဆော့ကစားနေကြ

ကလေးငယ်များ”

(သစ်ပင်အောက်က ကလေးငယ်များ - နေမျိုး)





(၃)



သူမ မနက် လေးနာရီ အတိမှာပဲ အိပ်ရာက နိုးလာတယ် ၊

မျက်လုံးတွေက ကျင့်သားရနေတာကြောင့် မနက်လေးနာရီ

ဆိုတာနဲ့ အိပ်ရာက နိုးနေတတ်တာ နှစ်ပေါင်းမနည်းတော့ ။

တစ်ကိုယ်ရည် တစ်ကာယ သန့်ရှင်းရေးကိစ္စတွေ ပြုအပြီးမှာ

မျက်နှာသစ်ဖို့ အိမ်ရှေ့ရေကပြင်ကို ထွက်လာခဲ့တယ် ။ မျက်နှာ

သစ်ရင်း သတိပြုမိတာက သူမရဲ့ ပါးပြင်ပေါ်က ထင်ထင်ရှားရှား

အရေးအကြောင်းတွေ ။ သူမ အပျိုတုန်းကများ ဒီလို မဟုတ် ၊

ညနေရေခပ်ဆင်းပြီဟေ့ ဆိုရင် ကာလသားတစ်သိုက်

မျက်ဖြူဆိုက်လောက်အောင် လိုက်ပိုးကြတာ ခံခဲ့ရသူ ။

အင်းလေ . . . အသက်လည်း ၇၀ ကျော်နေမှပဲ ဟု တွေးရင်း

ပြုံးမိသည် ။ အဲဒီနောက် မကြာခင်မှာ အရုဏ်ဆွမ်းခံကြွလာမယ့်

သံဃာတော်တွေကို လောင်းလှူဖို့ အတွက် ထမင်းတစ်အိုး

တည်ထားပြီး ၊ ဘုရားရှိခိုးရန် အိမ်ရှေ့ခန်းသို့ ထွက်လာခဲ့တယ် ။



“ဘုရားစင်ရှေ့မှာ ပုဆစ်တုပ်

နှုတ်မှ တတွတ်တွတ် ရွတ်ဆို

အဘွားအိုဟာ ဘုရားရှိခိုးစာတွေကို မေ့ပေါ့

ဉာဏ်ထိုင်းလေတော့

ဘယ်တော့မှ စ ၊ လယ် ၊ ဆုံး ကို

မှန်ကန်စွာ မရွတ်ဆိုနိုင်ပါ

ဘုရားရှင် ခွင့်လွှတ်တော်မူပါ”

 (ငါ့အိမ်နားက အဘွားအို - နေမျိုး)







May, 2012

အဖြူရောင် သုဿာန်မှာ စံပယ်တွေ ဖွေးခနဲ ပွင့်




သူ့တွင် မြွေဖြူလေးတစ်ကောင်ရှိသည် ။ ထိုမြွေဖြူလေးကို

စံပယ်ဟု အမည်ပေးထား၏ ။ မြွေဖြူလေးသည် အထီးလား

အမလား ဆိုတာ သူမသိ ။ သူ့တွင် စံပယ်ဟု အမည်ရသော

မြွေဖြူလေးတစ်ကောင်ရှိသည် ။



သူ့တွင် စံပယ်ဟု အမည်ရသော ချစ်သူတစ်ယောက်ရှိသည် ။

ထို စံပယ်ဟူသည့် အမည်အား သူမ၏ ဖခင်မှ ပေးထားခြင်းဖြစ်၏ ။

သူမ၏ ဖခင်က စံပယ်ဟူသော အမည်ကိုပေးသောကြောင့် ၊ သူမက

စံပယ်ဟူသော အမည်ကို ယူလိုက်ရ၏ ။ မင်္ဂလာတရားတော်နှင့်

ညီ၊ မညီတော့ မသိ ။ သူမ၏ဖခင်တွင် စံပယ်ဟု အမည်ရသော

မြွေဖြူတစ်ကောင် မရှိချေ ။



စံပယ်သည် အလွန်တရာမှပင် ပါးနပ်လှ၏ ။ သူ့ကိုတွေ့သည့်အခါတိုင်းတွင်

လျှာကလေးထုတ်ပြ၍ နှုတ်ဆက်တတ်လေသည်။ စံပယ်သည် ညအိပ်ခါနီးတွင်

မျက်နှာပြင်တစ်ခုလုံးကို သနပ်ခါးအပြည့်လူးတတ်၏ ။ စံပယ်သည် အိပ်စက်နေ

သောအခါတွင် သူမဟုတ်သည့်အလား မှန်ဘောင်ထဲတွင် ငြိမ်သက်စွာ အိပ်နေ

တတ်သည် ။ စံပယ်သည် တစ်ခါတရံတွင် ဘီယာသောက်တတ်၏ ။ မူးသွားသော

အခါ ဟိုရစ်ဒီရစ်ဖြင့် ပြဿနာရှာတတ်လေသည် ။ စံပယ်အကြိုက်ဆုံးသော

အစားအစာမှာ ဖားကောင်ငယ်ကလေးများဖြစ်သည် ။ စံပယ်သည် မိုးခြိမ်းသံကို

ကြောက်၏ ။ ကြောင်ကိုကြောက်၏ ။ စံပယ်သည် ရော့ခ်ဂီတကို နှစ်သက်၏ ။

ပုလွေသံကို နှစ်သက်၏ ။



သူသည် စံပယ့်ကို ခေါင်းလျှော်ပေးရ၏ ။ သူသည် စံပယ့်ကို ရေချိုးပေးရ၏ ။

စံပယ်နေမကောင်းဖြစ်လျှင် သူပြုစုရသည် ။ စံပယ် အရေခွံလဲလျှင် သူဂရုစိုက်

ရသည် ။ သူသည် စံပယ့် ဘဝဖြစ်၏ ။ စံပယ်သည် သူ့ဘဝ ဖြစ်၏ ။ သူသည်

လူယောက်ျားတစ်ယောက်ဖြစ်၏ ။ စံပယ်သည် လူမိန်းမတစ်ယောက်ဖြစ်၏ ။

စံပယ်သည် မြွေဖြူတစ်ကောင်ဖြစ်၏ ။



တစ်နေ့တွင် သူအားပေးသော မန်ချက်စတာယူနိုက်တက်အသင်း ပရီးမီးယားလိဂ်

ဖလားရရှိသွားသည် ။ တစ်နေ့တွင် သူချစ်သော စံပယ်သေဆုံးသွားသည် ။ သူ စံပယ့်အား

ကောင်းမွန်စွာ သင်္ဂြိုလ်ခဲ့၏ ။ စံပယ့် ဈာပနပွဲတွင် ဖဲဝိုင်းမပါ ။ ရက်လည်မပါ ။ မည်သည့်

ဆွေမျိုးအသိုင်းအဝိုင်းမှ မပါ ။ စံပယ့်ဈာပနအား သူနှင့် စံပယ် နှစ်ယောက်တည်း

ကျင်းပခဲ့သည် ။ စံပယ့်ဈာပန အပြီး တစ်လခန့်အကြာတွင် စံပယ်သေဆုံးသွား၏ ။

သူ့ဘဝထဲမှ စံပယ်ဟူသည့် အမည်နာမ လွင့်စင်ထွက်ပြေးသွားသည် ။ စံပယ် မကြား

နိုင်တော့ ။ သူ့အော်သံများအား စံပယ်လုံးဝမကြားနိုင်တော့ ။  စံပယ်သေဆုံးပြီး

တစ်လခန့်အကြာတွင် စံပယ်သေဆုံးသွားခဲ့သည် ။



သူသည် လူယောက်ျားတစ်ယောက်ဖြစ်၏။

စံပယ်သည် လူမိန်းမ တစ်ယောက်ဖြစ်၏။

စံပယ်သည် မြွေဖြူတစ်ကောင်ဖြစ်၏။

သူသည် မြွေဖြူတစ်ကောင်ဖြစ်၏။



စံပယ်သေဆုံးပြီး တစ်လခန့်အကြာတွင် စံပယ်သေဆုံးသွားခဲ့သည် ။

ထို့နောက် တစ်လခန့်အကြာတွင် သူသေဆုံးသွားခဲ့သည် ။

သူသည် သူ့ကိုယ်သူ မြွေဖြူတစ်ကောင်ဟု ထင်နေသော

လူယောက်ျားတစ်ဦးဖြစ်သည် ။ သူသည် သူ့ကိုယ်သူ လူယောက်ျား

တစ်ဦးဟု ထင်နေသော မြွေဖြူတစ်ကောင်ဖြစ်သည် ။







May , 2012

Thursday, March 29, 2012

အစိမ်းကြေ

ဖန်ခွက်ကွဲစတွေ ကိုယ့်မျက်စိနှစ်ပါးစလုံးကို ခွဲချလိုက်သလိုမျိုး အကွဲစတွေ အက်ကွဲစတွေဆိုတာ မြင်မကောင်းရှုမကောင်းအောင် ဘာမှမကောင်းတော့သလိုမျိုး လာစိုက်နေတာ မျက်စိကို သူ/သား ငယ်အိမ်ကို လာစိုက်နေတော့ ဘာကိုမှ ကြည်ကြည်လင်လင် မရှိတော့သလိုမျိုး ဟိုဟာလုပ် လုပ်ပြန်ပြီ ဒီဟာလုပ် လုပ်ပြန်ပြီ ဘုရားစူးကျမ်းစူး ဖြစ်နေသလိုမျိုး ကွဲလိုက်ရှလိုက် ဘာမှကို ရစရာမရှိတော့အောင် ကွဲကြေနေတယ် ဆိုတာက တကယ်ကြီးကို ကွဲကြေနေလို့ ယောင်ယမ်းပြီး အား ခနဲ အော်ဟစ်ပစ်လိုက်မိတယ် ဆိုတာ ခင်ဗျားသိသလို ကျွန်တော်လည်း မသိဘူးဖြစ်နေတော့ ကျွန်တော်သိတာတွေကိုရော ခင်ဗျားမသိဘူးမဟုတ်လားလို့ မေးလိုက်ရင် မျက်စိထဲ ၀င်စိုက်နေတဲ့ ဖန်ကွဲစတွေက ဆစ်ခနဲ ထထကိုက်တော့ ကိုယ့်မှာ အကျယ်ကြီးပဲ ကြေကွဲမြည်တမ်းလိုက်ရတော့မလိုလို ရူးကြောင်ကြောင်နဲ့ တာမွေအ၀ိုင်းထိပ်သွားပြီး ကောက်ညင်းအရက်ပဲ သောက်လိုက်ရတော့မလိုလိုကို ဖြစ်ရော ဆိုတော့ အဲ့ဒါတွေကို ကိုယ်နာနာကျည်းကျည်း ချစ်နေမိတဲ့ မိန်းမတစ်ယောက် မသိပါစေနဲ့လို့ ဆုတောင်းမယ်ဆိုရင် ဆုတောင်းပြည့်ပါ့မလား ဆိုတာ ကိုယ်လည်းမသိဘူး ပုဇွန်တောင်က ကောင်မလေးလည်း မသိဘူး ကိုယ့်သူငယ်ချင်း ဇာတိလည်း မသိဘူး တာချီလိတ်က မာနရူးမလည်း မသိဘူး စုန်းတွေလား ကဝေတွေလား နတ်သမီးတွေလား အဲ့ဒါ ဘယ်လိုကောင်မမျိုးတွေလဲ ကိုယ့်အာရုံထဲမှာပဲ တ၀ဲလည်လည် ဘာကိုလိုချင်လို့ ၀ဲနေမှန်းကိုမသိ ကိုယ်လည်း မထွေးမဟုတ်တော့ ခက်တယ် ခင်ဗျားလိုချင်တဲ့အရာ ကိုယ့်ဆီမှာမရှိပါဘူးလို့ ထပ်တလဲလဲ/လည်း ပြောနေရတာပဲ ကိုယ်ကြေကွဲရတယ် ကိုယ်လဲကျသွားရတယ် လုံးဝ နာလန်မထူနိုင်တဲ့နေ့တွေမှာ ကိုယ်လဲကျသွားတာ သူမရဲ့ နာမည်အဟောင်းအနွမ်းလေးပေါ်ဖြစ်တယ် ဆိုတာ သတိထားမိလိုက်တိုင်း သူမရဲ့ ရနံ့တွေ အိပ်မက်ထဲ ပါလာတာတောင် ကိုယ့်မှာ အရမ်းကို နာကျင်ရပါတယ် ကိုယ်နာကျင်ရပါတယ် ဆိုတာက ကိုယ်တကယ်ကြီးကို နာကျင်နေရလို့ဆိုတဲ့အကြောင်း ကိုယ်လည်း မသိဘူး ဆိုတော့ ဘာဆက်လုပ်ရမလဲ ကိုယ်နာကျင်ရပါတယ် ။



ဆူး ခ က် မ င်း

09082011

နေရောင်ခြည်နဲ့အတူ ရှင်သန်ပါ နာ နာ နာ နာကျင်မှုတွေ

ရှင်သန်မှုဟာ ကြည့်လို့ကောင်းတဲ့ ပြဇာတ်တစ်ပုဒ်ပဲ ၊ ကောင်းကင်ဟာ ၁၀၉ ကြိမ်မြောက် ပြိုကျလာတယ် ၊ မင်း ဒီမှာလား ၊ ငါနဲ့ အတူတူပဲလား ၊ ကိုယ့်ရှင်သန်မှုကို သိမ်းဆည်းထားပါ ၊ ယဉ်ကျေးမှုစနစ်အမှားအယွင်းကြီးထဲ ခင်ဗျားနာမည်က အမှိုက်တစ်ခုဖြစ်နေတာ ၊ ကိစ္စမရှိဘူး ၊ အရေးကြီးကိစ္စစီစဉ်ထားတာ မရှိဘူး ၊ ဘုရားသခင် ပြန်လည်မွေးဖွားလာကြောင်း ခပ်ကျယ်ကျယ် အော်ဟစ်ပြောလိုက်စမ်းပါ ၊ ဒီတစ်ခုက ခင်ဗျားအတွက်ပဲ ၊ လိမ့်ဆင်းကျလာတဲ့ ကျောက်တုံးကျောက်ခဲတွေအတွက်ပဲ ၊ ရှင်သန်မှုမှာ တွန်းတိုက်မိသွားတဲ့ နတ်သမီးတွေ ၊ ယန္တရားစနစ်နဲ့ လည်ပတ်နေတဲ့ မိန်းမပျိုတွေ ၊ ကျေးဇူးပြုပြီး နားထောင်ပေးပါ ၊ အနာဂတ်ဟာ အာမခံစနစ် ထားရှိတဲ့ ကျည်ဆံတစ်တောင့်ပဲ ၊ ရူးသွပ်မှုတွေ ပျောက်သွားတဲ့တစ်နေ့ ၊ ခင်ဗျား ခပ်ကျယ်ကျယ်လေး အော်ပစ်လိုက်ဖို့ အချိန်ကောင်းပဲ ၊ ပျော်ရွှင်မှုတွေကို သတ်ပါ ၊ ဒီ့ထက်ပိုပြီး ဆူဆူညံညံလေး အော် ပစ် လိုက် စမ်း ပါ ၊ ကျွန်တော် မူးယစ်ဆေးတွေ မလိုပေမယ့် ၊ ခင်ဗျားလိုအပ်မယ်ဆိုရင်

စိတ်ကျရောဂါ ရောင်းပေးဖို့အဆင်သင့်ပဲ ၊ နံရံဟာ ခြေထောက်ရှစ်ချောင်းနဲ့ သတ္တ၀ါဆန်းတစ်ကောင် ၊ ဓာတ်ငွေ့ တွေ လွှတ်လိုက်တာနဲ့ ၊ သူတို့အားလုံး သေဆုံးသွားကြမယ် ၊ ကျွန်တော်တို့ လေးဘက်ထောက်ပြီး တွားသွားကြမယ်၊ ချစ်ခြင်းမေတ္တာကို လွယ်အိတ်ထဲ ဘေးတစ်စောင်း ထိုး ထည့် ၊ ကြမ်းပြင်နဲ့ တည့်တည့် X ၀င်ရိုး နေရာလောက်မှာ ပစ်ချထားလိုက်တယ် ၊ ပါးစပ် ပိတ်ထားပါ ၊ သီချင်းဆိုပါ ၊ နာ နာ နာ နာ နာကျင်မှုတွေဟာ ခင်ဗျားရဲ့  လုံခြုံရေးစနစ်ကို ချိုးဖျက်ဝင်လာမှာ ၊ အသေအချာပဲ ၊ ရန်သူတော်ကြီးတစ်ယောက်က ပလတ်စတစ်ဆာဂျရီ လုပ်ထားတဲ့ မျက်နှာအတုကြီးနဲ့ မိတ်ဆွေအယောင်ဆောင်လာတယ် ၊ ၀မ်းနည်းစရာကောင်းတာတစ်ခု ပြောပြမယ် ၊ ခင်ဗျားရဲ့  လက်ထဲမှာ ဂျပ်ဇ်ဂီတရှိကြောင်း ခင်ဗျား သိရဲ့ လား ၊ ခင်ဗျား ရူးသွားပြီ လို့ တခါတလေများ တွေးကြည့်မိဖူးသလား ၊ အိမ်မှာမွေးထားတဲ့ တိရစ္ဆာန်တစ်ကောင်ကောင်ကို နမ်းကြည့်မိဖူးသလား ၊ သတင်းအချက်အလက်တွေ လောင်ကျွမ်းပြာကျသွားပြီ ၊ အမှန်တရားဟာ ဒီမှာ ၊ အခုလက်ရှိဟာ အမှန်တရားပဲ ၊ ဒီ့ထက်သေချာတာ ကလေးငယ်တွေနဲ့ ကောင်းကင်ဘုံပဲ ရှိတယ် ၊ နီယွန်မီးရောင်အောက်မှာ ရပ်နေတဲ့ နတ်သမီးကို မေးပါ ၊ သူမဟာ ကမ္ဘာကြီးကို ပြောင်းလဲချင်နေတယ် ၊ ကျွန်တော်တို့ဟာ ကမ္ဘာကြီးကို ပြောင်းလဲချင်နေတယ် ၊ ဘယ်သူမှတော့ ပစ်စလက်ခတ် မသေချင်ကြပါဘူး ၊ တောင်းပန်မှုကို ငြင်းဆန်တယ် ၊ သေခြင်းတရားဟာ ပန်းတိုင်ပဲ ၊ ငယ်ရွယ်မှုတွေကို သယ်ဆောင်မလာခင် ကျည်ဆံအခွံတစ်ခုလို လွှင့်ပစ်လိုက်ပါ ၊ ဆဲလ်အသေတွေကို ၀တ်ဆင်ပါ ၊ ပိုကောင်းမယ့် ငရဲကို သွားလိုက်ပါ ၊ မောင်းခလုတ်ကို ဆွဲညှစ်လိုက် ၊ ကမ္ဘာကြီးနဲ့အတူ ခင်ဗျားလည်း လွင့်စင်ပေါက်ကွဲထွက်သွား ။



ဆူး ခ က် မ င်း

100820110826PM

ကဗျာဆရာ မဟုတ်သူ ရေးသည့် မဟုတ်တမ်းတရား ကဗျာ

ရွာဖို့ ရွယ်မှ ၊ မိုးက

ပြိုတယ် ။ ပျိုရွယ်စင် ရနံ့ တစ်ခု

နှာခေါင်းထဲ ၊ အလဲလဲ အပြိုပြို ။

တိုး / ၀င် ။

ဝင်တိုးလိုက် ၊ ၀င်တိုးလိုက် ။

ခင်ဗျားတော်ရင် ၊ ခင်ဗျားဖို့ ပဲ ။

တစ်ဘို့ တည်းတော့ ၊ မကြည့်နဲ့  ။

မြစ်ဆိုတာ အစုန်ရော အဆန်ပါ စီးတယ် ။

ပြောကြစတမ်းဆို ၊ ဒီတစ်ပတ်

၈၉ % ကံဆိုးတယ် ။

ဟုတ်တယ် ။ ခွေးစုတ်မလေးရဲ့  ။

ငါက ခဲတံ ။ မင်း စာတတ်ဖို့ 

ငါ့အား ၊ တစ်လွှာချင်း လွှာသွားလိုက် ။

နှစ်လွှာပေါင်းမှ တစ်ရွက်

လို့  ၊ ဘယ်သူပြောလဲ ။

စွယ်တော်တစ်ခြမ်းပဲ့မှာလည်း ၊ သူ့  မာနနဲ့

သူ ၊ တစ်ဝက်တိတိ ခမ်းနားတယ် ။

` အခမ်းအနား စတင် ဖွင့်လှစ်ကြောင်း ......... ´

လှစ်ခနဲ ပွင့်လာတဲ့ တံခါးတစ်ချပ်

လှစ်ခနဲ ဆွဲဖွင့်ကြည့်တော့

လှစ်ခနဲ မြင်လိုက်ရတဲ့ အရိပ်တချို့ 

လှစ်ခနဲ ပျောက်သွားတယ် ။

လှစ်မပြတော့ဘူး ။ သွေးနွေးရုံ ၊

အာစွတ်ရုံ ၊ နှစ်ပက်လောက် သောက် ။

နှစ်ပတ်လောက် မူး ။

` အတူဖြတ်သန်းခဲ့ကြတဲ့ နှစ်ပတ်လည်နေ့များ .... ´

နေ့ တွေများတယ် ။ များလာတဲ့

နေ့ တွေမှာ ၊ များလာတဲ့ အမှားတွေ

များများလာပြီး ၊ အမှားတွေ များတယ် ။

အမှားများတာတွေ များတယ် ။

အမှားများတဲ့နေ့တွေ များတယ် ။

များများလာတဲ့ အမှားတွေ ။

မှားမှားလာတဲ့ အများကြားမှာ

ငါကပဲ အမှားများတာလား ။

အများကပဲ ငါ့ကို မှားအောင် လုပ်တာလား ။

အများက မှန်တယ် ဆိုပါစို့  ။

အများမှန်ရင် ၊ အမြန်မှားတတ်လား ။

အမြန်မှားရင် ၊ အမှားမြန်တတ်လား ။

အမှားမြန်ရင် ၊ အမှန်များတတ်လား ။

( အမှားမြန်လို့ ၊ အမှန်များတာ ဖြစ်မယ် ။ )

ဟုတ်ကဲ့ ။

ဖျက်ရာ ပြင်ရာ မပါတဲ့ နေ့တစ်နေ့

ကို ၊ လျှောက်လှမ်းဖို့ 

ခင်ဗျား အိတ်ကပ်ထဲက ခဲဖျက်ကို

လွှင့်ပစ်ထားခဲ့ ။

ဖက်ကြမ်းတစ်လိပ် ၊ ဘီအီးတစ်စိတ်

လွယ်အိတ်တစ်အိတ် ၊ မျက်စိတစ်မှိတ်

` ဟပ်ချလောင်း ... ´

ကဗျာဆရာလို့  ၊ ပညတ်ထားတာ

အဲ့ဒါတွေကြောင့်လား ။

ဗီးဂတ်စ် သောက်တယ် ။ ဂရမ်း နဲ့

မှောက်တယ် ။ ကျောပိုးအိတ်

ကောက်လွယ် ။ သေချာတာပေါ့ ။

` ငါ .... ကဗျာဆရာ မဟုတ်ဘူး ... ´



ဆူးခက်မင်း