နယူးယောက်မြို့ မှာ စိန်နားကပ်ပန်တဲ့ သဘာဝလွန်ကဗျာ
ဒီကဗျာမှာ ၊ တိမ်မပါဘူး ။
မိုး မပါဘူး ၊ နှင်း မပါဘူး ။
ဖုန်းခေါ်သံ မပါဘူး ။
လူကြီးမင်း ခေါ်ဆိုသော ဘာညာသာရကာ မပါဘူး ။
ည မပါဘူး ၊ လ မသာဘူး ။
အချစ် ၊ အလွမ်း ၊ အနမ်းတွေ မပါဘူး ။
ဘာသာဗေဒ အထူးပြုလုပ်ချက်တွေနဲ့ စတင်ဖွင့်လှစ်လိုက်တယ် ။
သရီး ...
တူး ...
ဝမ်း ...
အက်ရှင် ..
ခပ်ရေးရေးထင်နေတဲ့သီချင်းသံတော့ ပါနိုင်ကောင်းရဲ့
ကျွီ.....................
ဖိနပ်မပါဘူး။ မိုးချုပ်သံမပါဘူး
သဘာဝလွန်သရုပ်ဆောင်ချက်တွေနဲ့
ဟော!!!!
ဟိုနားက ည.....လသာတယ်
ဘယ်တော့လဲ ။ ဘယ်တော့လဲ ။
အထူးပြုလုပ်ချက်တွေ ၊ သဘာဝလွန် ဆက်တင်တွေ ။
ဘယ်မှာလဲ ။
ဘယ်တော့လာမှာလဲ ။
ရိုက်ချလိုက် ၊ အဆုံးစွန်ထိ ရိုက်ချလိုက် ။
ပရိသတ်အတွက် ရေးတာပါ ။
ဘယ်လို ပြောရမလဲပေါ့နော် ။
သမီးက ငယ်ပါသေးတယ် .. အဟွင်း ဟွင်း .. ။
၂ နှစ်ကျော်လောက် အချိန်ယူခဲ့ရတာ ဗျ .. ။
ဒီကဗျာနဲ့ ရွှေစင်ရုပ် ရလောက်တယ်ရှင့် ... ။
ကျွန်တော့် မယားငယ်တောင် နောက်တစ်ဗိုက်ရနေပြီ .. ။
ကဲ ... ကဲ .. ကဲ .. ဘယ်လိုလုပ်မလဲ .. ။
မဟုတ်သေးပါဘူး
မှိုင်းမမိသေးတဲ့ညလေးတော့
ကိုယ့်ဘာသာပြန်ဖော်ပါရစေ
ဘယ်လိုလဲလို့မမေးနဲ့
ရှောင်တိမ်းခွင့်မရလိုက်တဲ့
အလွမ်းဆိုတာတွေက
ငါ့ရင်ဘတ်ကို
တဒိုင်းဒိုင်းထိတယ်
ပုံမှန်ဆိုရင်တော့ ဒီကဗျာ ဒီမှာ ပြီးပြီ ။
( မဟုတ်သေးဘူး )
ပုံမှန်ဆိုရင်တော့ သည်ကဗျာ သည်မှာ ပြီးပြီ ။
မှားတဲ့ တစ်ခု ခပ်ထင်ထင် ခြစ်ချပြီး ဖြုတ်ပစ်လိုက်ပါ ။
တဒိုင်းဒိုင်း နဲ့ ထိတယ် ? ? ?
ဒိုင်းနဲ့ ကာထားရင်တော့ မထိလောက်ဘူး ။
ထိလောက်ရင်တော့ ဒိုင်းနဲ့ ကာလို့ မရဘူး ။
ဒိုင်းကို ရေထဲချကြည့်တယ် ။
ဒိုင်း မွန်းသွားတယ် ။
ဒိုင်း မွန်းသွားတော့ ဘာဖြစ်လဲဆိုတော့ ။
ဒိုင်းမွန်း ဖြစ်သွားတယ် ။
စိန်နားကပ်ရောင် နဲ့ ဘာပြောင်ချင်တယ်ဆိုလား ။
အဲ့လိုလူတွေ အကြိုက်ပေါ့ ။
ဒိုင်းတွေ ရေထဲ ချကြတယ် ။
ရေတွေ ဒိုင်းခနဲ ကျလာတယ် ။
နယူးယောက်မြို့ မှာ ရေလွှမ်းနေပြီ ။
" The Day After Tomorrow "
မနက်ဖြန်ပြီး နောက်တစ်နေ့  ။
နောက်တစ်နေ့ ပြီး နောက်တစ်နေ့မှာ ၊ မနက်ဖြန်
ဆိုတာတွေ ၊ ထပ်လာနေဦးမယ် ။
ထပ် ထပ် လာနေဦးမယ် ။
အထပ်လိုက် အထပ်လိုက် လာနေဦးမှာပဲ ။
မိုးတိမ်လိုအလွမ်းနဲ့
ရိုးတိုးရိပ်တိတ်လေးမှ
အဖော်ခေါ်မလာနဲ့
ငါ............ခု
ခေါ်ထားတဲ့ဝါကျတွေ ပြန်ဖော်နေလို့
နင်ဆက်ထားတဲ့
ဟော့ဒီ့ရင်ဘတ်ထဲမှာ
ငါမပြောရသေးတဲ့
အနာတွေရှိတယ်
ဘာတဲ့
ဟိုလူကြီးပြောသလိုပါ့
ငါ့မနေ့ကညတွေကိုလည်း
စိန်နားကပ်အရောင်နဲ့
အရောင်ဟပ်နိုင်သမျှအထိ
ပြောင်နေကြည့်မယ်
နောက်ထပ်မနက်မလာခင်အထိ
အစောကတည်းက ပြောခဲ့သားပဲ ။
ဒီကဗျာမှာ တိမ်မပါဘူး ။
မိုး မပါဘူး ၊ နှင်း မပါဘူး ။
ဖုန်းခေါ်သံ မပါဘူး ။
လူကြီးမင်း ခေါ်ဆိုသော ဘာညာသာရကာ မပါဘူး ။
ည မပါဘူး ၊ လ မသာဘူး ။
အချစ် ၊ အလွမ်း ၊ အနမ်းတွေ မပါဘူး ။
မပါတာတွေ အယောင်ယောင် အမှားမှား ပါလာရင်တော့ ၊
ဒုတိယမြောက် တစ်ပိုဒ်ဖတ်ပြီး ပိတ်ပစ်လိုက်ပါ ။
အစောကတည်းက ပြောခဲ့သားပဲ ။
ပုံမှန်အတိုင်းဆို ဒီကဗျာ ဒီမှာ ပြီးပြီ ။
ပုံမှန်အတိုင်းဆို သည်ကဗျာ သည်မှာ မပြီးဘူး ။
ဆူးခက်မင်း နှင့် အကယ်ဒမီ ပေါင်းစပ်ရေးဖွဲ့ သည် ။
Friday, December 18, 2009
Subscribe to:
Posts (Atom)